ရန်ကုန်၊ ဒီဇင်ဘာ ၁၂
City Mart Holdings ကုမ္ပဏီနှင့် ဆက်နွှယ်နေသော Premium Food Services Products ကုမ္ပဏီ၏ နိုင်ငံခြားဖြစ် အရက်၊ ဝိုင်နှင့် အေးခဲအသားများ တင်သွင်းရာတွင် တရားဝင် တင်သွင်းကြောင်း အထောက်အထားများ တင်ပြချိန်ကို ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ နေ့လယ် ၁ နာရီအထိ နောက်ဆုတ်လိုက်ပြီး ယင်းအချိန်အထိ အထောက်အထား မပြနိုင်ပါက တရားဥပဒေအတိုင်း အရေးယူသွားမည် ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းအဖွဲ့ တာဝန်ခံ ဦးဝင်းလွင်က The Voice သို့ ပြောကြားသည်။
အဆိုပါ ကုမ္ပဏီ၏ တောင်းဆိုချက်အရ စတင်စစ်ဆေးသည့်နေ့မှ ရှစ်ရက်ကြာအထိ အချိန်ပေးထားပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီတွင် သက်သေ အထောက်အထား ခိုင်လုံစွာ တင်ပြရန် ပြောကြား ထားသော်လည်း စာရွက်စာတမ်း မိတ္တူများကိုသာ ပြသနိုင်ပြီး ယနေ့ နေ့လယ် ၁ နာရီအထိ အချိန်ပေး တင်ပြနိုင်ရန် ခွင့်ပြုထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ဒါသူတို့အတွက် နောက်ဆုံး အခွင့်အရေးပဲ။ သူတို့ Extension တောင်းတာက ညနေအထိ တောင်းပေမယ့် ကြားချပြီး နေ့လယ် ၁ နာရီလို့ သတ်မှတ်လိုက်တာ။ သူတို့ကို အခွင့်အရေး သုံးကြိမ် ပေးပြီးသား။ ဒါမှ အထောက်အထား မပြနိုင်ရင် တရားဥပဒေအတိုင်း ဆက်ပြီး လုပ်သွားမယ်” ဟု ၎င်းကဆိုသည်။
သာကေတမြို့နယ်ရှိ ပေ ၁၁၀x ပေ ၇၀ ကျယ်ဝန်းသည့် တစ်ထပ်ခွဲ သိုလှောင်ရုံအတွင်း တရားမဝင် ကုန်စည်များ သိုလှောင် ထားရှိကြောင်း တိုင်တန်းချက်အရ ဒီဇင်ဘာလ ၄ ရက်နေ့တွင် လှုပ်ရှား အဖွဲ့ (Mobile Team) က ဝင်ရောက် စစ်ဆေးရာ နိုင်ငံခြားဖြစ် ဝိုင်ပုလင်းမျိုးစုံ ၈၇၆၇၅ လုံး၊ အရက်ပုလင်းမျိုးစုံ ၁၂၉၇ လုံးနှင့် အေးခဲအသား (Food Stuff) တန်ချိန် ၃၇ ဒသမ ၂ နီးပါးကို စစ်ဆေး တွေ့ရှိထားကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးတင်ရဲဝင်းက The Voice သို့ ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ City Mart Holdings ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးကို ဖုန်းနှင့် ဆက်သွယ်မေးမြန်းရာ Premium Food Services Products ကုမ္ပဏီမှ တာဝန်ရှိသူကသာ ဖြေကြားနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြန်လည် ဖြေကြားသည်။
လှုပ်ရှားအဖွဲ့ (Mobile Team) ၏ စစ်ဆေးမှု စတင်ပြီး နှစ်ရက်အကြာ ဒီဇင်ဘာလ ၆ ရက်နေ့မှ စတင်ကာ City Mart၊ Ocean နှင့် City Express ဆိုင်များတွင် နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက် ရောင်းချမှုကို ရပ်ဆိုင်း လိုက်ကြောင်း City Mart Holdings ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်က ပြောကြားသည်။
တိကျခိုင်မာသည့် ကုန်သွယ်မှု မူဝါဒတစ်ခု မချမှတ်မီ ဈေးကွက်အတွင်း စစ်ဆေးအရေးယူမှုများ မပြုလုပ် သင့်ကြောင်းနှင့် ယင်းသို့ ပြုလုပ်ပါက ကုန်သည် လုပ်ငန်းရှင်များသာ အရှုံးနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်းဥက္ကဋ္ဌလည်း ဖြစ်သူ ဒေါ်ဝင်းဝင်းတင့်က ပြောကြားသည်။
နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက်များ တင်သွင်း ရောင်းချခွင့်ကို တားမြစ် ကန့်သတ်ထားခြင်းသည် လက်ရှိ တည်ဆဲဥပဒေ၊ ကုန်သွယ်မှု မူဝါဒပင် ဖြစ်ကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားသည်။
အစိုးရနှင့် နီးစပ်သူများ အဓိက လုပ်ကိုင်ခွင့် ရထားသော ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် တရားမဝင် ကုန်စည်များကို ယခုလကုန်တွင် စတင်စစ်ဆေးမည် ဖြစ်ကြောင်း လှုပ်ရှားအဖွဲ့က ပြောဆိုထားပြီး ဖြစ်သည်။
Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :The Voice Weekly
https://www.facebook.com/
Post a Comment