Posted by AF in ဆောင်းပါးများ
နိုင်ငံခြားမှာ အလုပ် သွားလုပ်တဲ့ ညီငယ်လေးတွေ ပြန်လာတာနဲ့ ဆုံလို့ မေးကြည့် ပါတယ်။ ”အနှိမ်ခံ ရတာပေါ့ အစ်ကိုရယ်။ ကျွန်တော် တို့က သူတို့ နိုင်ငံသား မ ဟုတ်တော့ နိုင်ငံ သားတွေက တအားနှိမ်တယ်။ ဘယ်လို အကောင်း လုပ်လုပ် ဆူဆဲနေတာပဲ”
ကျွန်တော်သူတို့ စကားကြောင့် စိတ်မကောင်းဖြစ်ရတယ်။
ဟုတ်တယ်။ သူတို့နိုင်ငံကိုသွား၊ သူတို့ အလုပ် သွားလုပ်၊ သူတို့ဆီက လခ၊ လုပ်အားခ ယူတော့ သူတို့ ဆူတာဆဲတာ ခံရမှာပဲပေါ့။ ဒါပေမဲ့ ကျွန်တော် သူတို့ ကို နှစ်သိမ့် လိုက်တယ်။
”မင်းတို့ကွာ၊ လခယူပြီး ဆူတာဆဲ တာခံရဖို့ နိုင်ငံခြား သွားနေစရာ မလိုပါ ဘူး”
သူတို့အူကြောင်ကြောင်နဲ့ ကျွန် တော့်ကို ပြန်ကြည့်တယ်။ ဟုတ်တယ်။
တစ်နေ့က မြင်ကွင်း တစ်ခု မျက်စိ ထဲမှာ မပြောနဲ့ ရင်ထဲမှာတောင် မမေ့ နိုင်သေးပါဘူး။
အရာရှိ တစ်ယောက်က လက် အောက်ငယ်သားကို လူကြား မကောင်း အောင် အော်ဟစ် ဆဲဆိုနေတဲ့ မြင်ကွင်း ပါ။
လက်အောက်ငယ်သား ဘာအပြစ် ကျူးလွန်ခဲ့သလဲ ကျွန်တော် လည်း မသိ ပါဘူး။ ဒါပေမဲ့ အရာရှိက လူတွေကြား ထဲ၊ အဲဒီ ငယ်သားကို လက်ညှိုး ငေါက် ငေါက် ထိုးပြီး
”မင်းဘာမှမပြောနဲ့၊ ငါ..မသား”
ဘေးမှာ လူတွေကလည်း အများ ကြီးပါ။ အရာရှိက ငယ်သားရဲ့ မိဘ မဟုတ်ပါဘူး။ သူ့ဘာသာ သူ အသက် ကြီးလာ၊ ရာထူး ရလာလို့ အရာရှိဖြစ်လာ တာပါ။ ဒါကို လူကြားထဲ အော်ဟစ်ဆဲ ဆိုနေစရာ မလိုဘူး ထင်ပါတယ်။ လူ ကြီး လူကောင်း အလုပ်လား။ စဉ်းစား ကြည့်ပါ။ ကျွန်တော် မြင်တာ ပြောပြပါ့ မယ်။
အဆဲခံရတဲ့ ငယ်သားရဲ့ ရှက်စိတ် ကို ကျွန်တော် မြင်ရပါတယ်။ နောက် ပြီး အော်ဟစ် ဆဲဆိုနေတဲ့ အရာရှိရဲ့ အဆင့်အတန်း မရှိမှု ကိုလည်း အတိုင်း သားမြင်ရပါတယ်။ အဆဲခံရတဲ့ ငယ် သားဘက်က ကိုယ်ချင်းစာ စိတ်ထားမိ သလို၊ အရှက်မရှိ လူကြားထဲ အော်ဟစ် ဆဲရဲတဲ့ အရာရှိရဲ့ ရွံမုန်းစရာ၊ အော်ဂလီ ဆန်စရာ စရိုက် တစ်ခုကို အတိုင်းသား မြင်လိုက်ရပါတယ်။
ပြန်စဉ်းစားကြည့်ပါ။
အဆင့်အတန်း ရှိတဲ့ လူကြီးလူ ကောင်း တစ်ယောက်ဟာ ဒီလို အပြုအမူမျိုး လုပ်ပါ့မလား။ ကျူးကျော်တဲမှာ ဆင်းရဲသား ပညာ မတတ်တဲ့ သူတွေ အော်ဟစ်ဆဲ ဆိုတယ် ဆိုတာ အပြန် အလှန်ပါပဲ။ ဒီလို ရထားတဲ့ အလုပ်က လေး ပြုတ်မှာစိုးလို့ ငြိမ်နေရတဲ့ သူကို အနိုင်ယူ ဆဲဆိုသလိုမျိုး မဟုတ်ပါဘူး။
အခု ကျွန်တော်တို့ ဆီမှာ နေရာ တိုင်းမှာ၊ ဌာနတိုင်းမှာ လူကြား မကောင်း အောင် အနိုင်ယူ အော်ဟစ် ဆဲဆိုနေတာ မကြာမကြာ တွေ့နေရပါတယ်။ အမြဲ တွေ့နေ ရပါတယ်။
ရရှိထားတဲ့ ရာထူး ဂုဏ်သိမ်နဲ့ အဲဒီလူရဲ့ အပြုအမူက ကိုက်ညီမှု ရှိရဲ့ လား။ ကိုယ်အနိုင်ရတိုင်း၊ အော်ဟစ်ဆဲ ဆိုနေတိုင်း၊ ကိုယ့်ရဲ့အဆင့်အတန်း ဘယ် ရောက်သွားလဲ စဉ်းစားကြည့်ပါ။
မြန်မာစကားပုံရှိ ပါတယ်။
”လူလိမ်မာသား ယဉ်ပါးသတဲ့”
ပြီးတော့ စကားပုံရှိပါသေးတယ်။
”အမိယုတ်တော့ နှုတ်ကြမ်းသတဲ့”
ဒီအရာရှိတွေက ဘယ်လို လူတန်း စားတွေပါလိမ့်။ ကျွန်တော် သူ့ကိုကြည့် ပြီး နှလုံးနာလောက် သည်အထိ အံ့သြမိ ပါတယ်။ ကိုယ်ရထားတဲ့ ရာထူး ဂုဏ်သိမ် နဲ့၊ ကိုယ့်ရဲ့ အပြုအမူ ကိုက်ညီကြရဲ့လား။ လူကြီး လူကောင်းဆိုတာ လက်အောက် ငယ်သားကို ဆဲဆိုနေမှာလား။ ပါဝါတွေ ရာထူးတွေနဲ့ ဖိနှိပ်ပြီး အနိုင်ယူမှာလား။ စဉ်းစား ကြည့်ပါ။ တစ်ချိန်မှာ ဒီလူကြီး တွေလည်း ပင်စင်စားရ၊ အပြင် ထွက်ကြ ရမှာပါ။ အဲဒီအချိန်မှာ ကိုယ့်ရဲ့သား သမီးက ကျန်ချင် ကျန်နေပါလိမ့်မယ်။ အဲဒီ အချိန်မှာ ကိုယ့်ရဲ့ သားသမီးကို သူ့ ရဲ့ အရာရှိက ကိုယ့်လိုပဲ နင်ပဲငဆဆဲ ဆိုရင် ရာထူးငယ်တဲ့ ကိုယ့်ရဲ့သားသမီး အဆဲဆို ခံနေရရင် ဘယ်လိုနှလုံးသား နဲ့ များခံစားကြ မှာလဲ.. ရင်လေး စရာပါ ခင်ဗျာ။
ကဲ..ဆီးဂိမ်းပွဲကြီးလည်း စပါပြီ။
ဘယ်လိုခံစားမှုမျိုးနဲ့ ပြိုင်ပွဲကို စတင်ကြမှာလဲ။
ကိုယ့်နိုင်ငံကို လာကြတယ်။ ကိုယ့် နိုင်ငံမှာ ဖြစ်တဲ့ အတွက် အဆင့်အတန်း မရှိတဲ့ အထက် အရာရှိလို၊ ”ငါလုပ်သလို သူတို့ခံရမှာပဲ” ဆိုတဲ့ စိတ်နဲ့ အနိုင်ယူ ဆဲ ဆိုကြဦး မှာလား။ ဒါမှမဟုတ်၊ ကိုယ့် အိမ်အလည် လာတဲ့ ဧည့်ကောင်းစောင် ကောင်း များလို ကောင်းမွန်စွာ ကြိုဆို လိုက်ကြမလား။
ယဉ်ကျေး လိမ္မာခြင်းဟာ တို့ပြည် သူတွေမှာ ရှိကြပါသေးလား ဆိုတာ သိ သာအောင် မပြသချင်ကြဘူးလား ခင်ဗျာ။
အနိုင်ရတိုင်း၊ အသာရတိုင်း ရိုင်း တာ ဘယ်လို လူမျိုးတွေများလဲ ခင်ဗျာ။
ဒါကြောင့် ကြုံတောင့် ကြုံခဲ ဆီး ဂိမ်းပွဲကို လှပခြင်း၊ မျှတခြင်းများနဲ့ ကြို ဆိုလိုက် ကြရအောင်လား ခင်ဗျား။
အကြည်တော်
#Aye Chan Mon မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :Popular Myanmar News Journal
Post a Comment