0

ရန်ကုန်၊ နိုဝင်ဘာ ၃၀

တိုင်းရင်းသား ၁၆ ပါတီမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ဖက်ဒရယ် ပြည်ထောင်စုပါတီ (FUP) ဗဟိုအလုပ်ဆောင် များကို ဒီဇင်ဘာ ပထမပတ်အတွင်း ရွေးချယ်သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီ ယာယီ ဒုတိယဥက္ကဋ္ဌဦးစောသန်းမြင့်က The Voice သို့ ပြောကြားသည်။

FUP ပါတီသည် ပါတီတည်ထောင် ခွင့် ရရှိထားပြီးနောက် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင် လျှောက်ထားပြီးဖြစ်ကြောင်း ၄င်းက ရှင်းလင်းပြောဆိုသည်။
"မှတ်ပုံတင်က မကြာခင် ကျတော့မှာ ဆိုတော့ ကြိုတင်ညှိနှိုင်း ရွေးချယ်ထားဖို့ လိုအပ်နေပြီ" ဟု ၄င်းကဆိုသည်။

အဆိုပါ ဗဟိုအလုပ်အမှုဆောင်များတွင် ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှစ်ဦး၊ အထွေထွေ အတွင်းရေးမှူး၊ အတွင်းရေးမှူး များနှင့် သက်ဆိုင်ရာ နယ်ပယ်အလိုက် အကြံပေးပညာရှင်များကို ရွေးချယ်သွား မည်ဖြစ်ကြောင်း ဦးစောသန်းမြင့်က ပြောကြားသည်။

လက်ရှိအချိန်တွင် ပါတီတည်ထောင်ခြင်း လုပ်ငန်းများကို ဗဟိုအလုပ်အမှုဆောင် ၁၆ ဦးအနက် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူးနှင့် အတွင်းရေးမှူးများ အဖြစ် ယာယီ တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း FUP ပါတီထံမှသိရသည်။

အဆိုပါ ပါတီမှတ်ပုံတင် ရရှိလာပြီးနောက် အောက်မြန်မာပြည်နှင့် အထက် မြန်မာပြည် ရုံးချုပ်များကို ဖွင့်လှစ်သွားမည် ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ရုံးခွဲများ ဖွင့်လှစ်ကာ ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်တွင်းရှိ အင်အားကြီး ပါတီများနှင့် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း FUP ပါတီ ထုတ်ပြန်ချက်များအရ သိရသည်။

ဖက်ဒရယ်ပြည်ထောင်စု ပါတီ FUP တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ချင်းအမျိုးသား ပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီ ပါတီ၊ ကယန်းအမျိုးသား ပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ၊ ကယန်းအမျိုးသားပါတီ၊ အရှိုချင်းအမျိုးသား ပါတီ၊ တအောင်း (ပလောင်) အမျိုးသား တိုးတက်ရေး ပါတီ၊ ပအို့ဝ် အမျိုးသား အဖွဲ့ချုပ်၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ဝဒီမိုကရက်တစ် ပါတီ၊ ဝအမျိုးသား စည်းလုံးညီညွတ်ရေး ပါတီနှင့် တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ တို့မှ ကိုယ်စားလှယ်များ ဖြင့် ပါဝင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အေးချမ်းမွန် Credit To > The Voice Weekly < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top