Created on Sunday, 01 December 2013 19:16
ဒီဇင်ဘာ ၁၁ ရက်မှ ၂၂ ရက်အထိ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် နိုင်ငံတော်မှ ပေးချေရမည့် ဟိုတယ်အချို့ အခန်းခများကို တစ်ပြေးညီ သတ်မှတ်ထားပြီး ကျန်ရှိသည့် ဟိုတယ်အခန်းခ များကိုမူ ဈေးနှုန်းသတ်မှတ်ထားခြင်း မရှိပဲ ပေါက်ဈေးအတိုင်း ပေးချေရမည်ဖြစ်ကြောင်း သိရသည်။
"အားကစား သမားတွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေနဲ့ အထူးဧည့်သည်တွေ တည်းခိုမယ့် အခန်းခကို နိုင်ငံတော်က ကျခံပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ဈေးနှုန်းတစ်ခု သတ်မှတ်ပြီး ပေးချေမှာ ဖြစ်ပါတယ်။ ဟိုတယ်လုပ်ငန်းရှင်တွေ ကိုလည်း အသိပေးထား ပြီးပါပြီ" ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကောင်းထွဋ်က ပြောပြခဲ့သည်။
နိုင်ငံတော်မှ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးရှိ ဟိုတယ်အလုံးပေါင်း ၂၀ ခန့်ရှိ အခန်းခများကို ပေးချေမည်ဖြစ်ပြီး တစ်ရက်လျှင် ဒေါ်လာ ၅၀ နှုန်းထက် မပိုသော ဈေးနှုန်းသတ်မှတ်ထားကြောင်း သိရသည်။
ပြိုင်ပွဲသို့ လာရောက်ကြည့်ရှု့ ကြရာတွင် ပြည်တွင်းပြည်ပမှ တည်းခိုမည့် ဧည့်သည်များအတွက် အခန်းခများကိုလည်း သတ်မှတ်ထားခြင်း ရှိမရှိကို ဟိုတယ်ဇုန် အချို့အား မေးမြန်းခဲ့ရာ "ဈေးနှုန်းသတ်မှတ် ထားတာမျိုး မရှိပါဘူး။ ပေါက်ဈေးအတိုင်း ပေးချေရမှာပါ" ဟု မန္တလေး ဟိုတယ်ဇုန် ဥက္ကဌ ဦးမြင့်ဇွန်က ပြောပြခဲ့သည်။
ဆက်လက်၍ ဟိုတယ်လုပ်ငန်းရှင်များ အသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးကြည်သိန်းကိုက "အားကစား သမားတွေ နည်းပြတွေနဲ့ ဖိတ်ကြားထားတဲ့ အထူးဧည့်သည်တွေ အတွက်က ဒေါ်လာ ၅၀ ထက် ပိုယူလို့ မရပါဘူး။ အခြားဧည့်သည်တွေ အတွက်ကတော့ ဈေးသတ်မှတ်တာမျိုး မရှိပဲ ပေါက်ဈေးအတိုင်းပဲ ပေးချေရမှာ ဖြစ်ပါတယ်" ဟု ပြောပြခဲ့သည်။
ဆီးဂိမ်းစ်ပြိုင်ပွဲကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် ငွေဆောင်ကမ်းခြေတို့တွင် အားကစားနည်းများအလိုက် ကျင်းပသွားမည် ဖြစ်သဖြင့် ရန်ကုန်တွင် ဟိုတယ် ၃၃ လုံးမှ အခန်း ၁၁၉၄ ခန်း၊ မန္တလေးတွင် ဟိုတယ် ၁၉ လုံးမှ အခန်း ၄၄၂ ခန်း၊ နေပြည်တော်တွင် ဟိုတယ် ၂၆ လုံးမှ အခန်း ၄၁၄၅ ခန်းနှင့် ငွေဆောင်တွင် ဟိုတယ် ၉ လုံးမှ အခန်းပေါင်း ၂၂၂ လုံး အသီးသီး အသုံးပြု သွားမည်ဖြစ်ပြီး ဟိုတယ်အလုံးပေါင်း ၁၁၄ လုံးမှ အခန်းပေါင်း ၆၀၀၀ ကျော်ကို အသုံးပြုမည်ဟု သိရသည်။
ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဧည့်သည်များ တည်းခိုရန် စီစဉ်ထားသည့် ရန်ကုန်ဆီဒိုးနား ဟိုတယ်အား တွေ့ရစဉ်
အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia
Post a Comment