0


Created on Sunday, 01 December 2013 18:53

မကြာခင်တွင် ပထမနှစ်တက်မည့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကို တစ်နိုင်ငံလုံးရှိ တက္ကသိုလ် အဆောင်များတွင် ယခုနှစ်မှစ၍ ဦးစားပေး နေထိုင်ခွင့် ပေးမည်ဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာန၊ ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးမြင့်က ပြောကြားခဲ့သည်။

ခေတ္တပညာရေးဝန်ကြီး ဒေါက်တာမျိုးမြင့်က နိုဝင်ဘာ ၃၀ ရက်တွင် ရန်ကုန်မြို့၊ ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ၌ ကျင်းပခဲ့သည့် တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော် တည်ဆောက်ရာတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"လက်တွေ့အကောင်အထည် ဖော်ထားတာ တစ်ခုကို ပြောရရင် မကြာခင် ၅ ရက်နေ့ကျရင် First Year တွေ ကျောင်းတက်တော့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် အလွန်အရေးကြီးတဲ့ ကိစ္စဖြစ်တဲ့ တက္ကသိုလ်များမှာ ပတ်ဝန်းကျင်ကောင်း ဖန်တီးရေး၊ သင်ကြားရေး ပတ်ဝန်းကျင်ကောင်း ဖန်တီးရေးမှာ အဆောင်နေဖို့ ကိစ္စတွေကို ကျွန်တော်တို့ ဒီနှစ်ကစပြီးတော့ ပထမနှစ် ကျောင်းသူ၊ ကျောင်းသားများကို ဦးစားပေးပြီးတော့ လက်ခံသွားမှာ ဖြစ်ပါတယ်။ အမြန်ဆုံး အကောင်အထည် ဖော်နိုင်မယ့် ကိစ္စတွေကို အမြန်ဆုံး အကောင်အထည်ဖော်ခြင်း ဖြစ်ပါတယ်" ဟု ပညာရေး ၀န်ကြီးဌာန၊ ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးမြင့်က ထပ်မံပြောကြားသည်။

ပညာရေး ကဏ္ဍတွင် ပညာရေး ၀န်ကြီးဌာန တစ်ခုတည်း ဆောင်ရွက်လို့ မရသဖြင့် လူမှုအဖွဲ့အစည်းတွေ အားလုံးနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်မှသာ ပညာရေးကဏ္ဍ တိုးတက်မည်ဖြစ်ကြောင်း ခေတ္တပညာရေး ၀န်ကြီးက ထပ်မံဆိုသည်။

ယခု ၂၀၁၃-၂၀၁၄ ပညာရေးနှစ်တွင် ပညာရေး ၀န်ကြီးဌာနသည် ပညာရေး ဘတ်ဂျက်အနေဖြင့် ငွေကျပ် ၉၀၉ ဘီလီလျံကျော် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရပြီး ကျောင်းအရေအတွက်အား ၂၀၁၁ ခုနှစ်က ကာလနှင့် နှိုင်းယှဉ်လျှင် ယခုကျောင်း အရေအတွက်မှာ ၅ ဒသမ ၁ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ခေတ္တပညာရေး ၀န်ကြီးက ထပ်မံဆိုသည်။

လက်ရှိတွင် ဆရာ၊ ဆရာမ ဦးရေမှာ ၁၂ ဒသမ ၄ ရာခိုင်နှုန်း တိုးလာကြောင်း သိရပြီး ကျောင်းသားအရေအတွက် အနေနဲ့လည်း ၈ ဒသမ ၀၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ထပ်မံပြောကြားသည်။

"အဆောင်နေရာထက် ကျောင်းသားဦးရေက ပိုများမယ်ဆိုရင် မူအရ ရွေးရမယ်။ ရန်ကုန်တက္ကသိုလ်ဆိုရင် ကျောင်းသားအားလုံးအတွက် နေရာရှိတယ်။ တချို့ကျောင်းတွေကျတော့ နေရာနည်းနည်း လောလောဆယ် အကန့်အသတ်က ရှိနေတယ်။ အဲဒီအခါကျတော့ ကျောင်းစပြီးဖွင့်တာနဲ့ ရမှာမဟုတ်ဘူး။ ရန်ကုန်တက္ကသိုလ်ဆိုရင် စဖွင့်တာနဲ့ ရမှာပေါ့။ အဆောင်လျှောက်တာတွေက အခုကတည်းကစပြီး လျှောက်ရင် ရပါတယ်။ ဒါပေမဲ့ သူတို့ကို မူနဲ့ရွေးရမှာပေါ့။ များလို့ရှိရင် ရှိတဲ့ Capacity ထက်များရင် မူနဲ့ရွေးရမှာပေါ့။ လောလောဆယ်မှာ မဆောင်ရွက်နိုင်တာဆိုလို့ တစ်နိုင်ငံလုံးမှာ လေးကျောင်းပဲ ရှိတယ်" ဟု ပညာရေး ၀န်ကြီးဌာန၊ ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးမြင့်က ပြောကြားသည်။

ပညာရေး ၀န်ကြီးဌာန၊ ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးမြင့်မှ ရှင်းလင်းပြောကြားနေစဉ်

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia
1

Post a Comment

 
Top