လူ့အခွင့်အရေး လှုပ်ရှားသူများကို ဗြိတိန် သင်တန်းပေးမည်
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
လူ့အခွင့်အရေး စံနှုန်းများ မြင့်တက် လာစေရေး အထောက်အကူ ပြုစေရန်အတွက် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး လှုပ်ရှားသူများကို ဗြိတိန်သံရုံးက လူ့အခွင့်အရေးဆိုင်ရာ သင်တန်းတစ်ရပ် ပို့ချသွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် ဒုတိယသံအမတ် Matthew Hedges က ပြောကြားသည်။
ဗြိတိသျှကောင်စီမှ တစ်ဆင့် တစ်ပတ်ကြာ ပို့ချမည့် အဆိုပါ အစီအစဉ်တွင် လူ့အခွင့်အရေး လှုပ်ရှားသူများအတွက် လူထုစကားပြော စွမ်းရည်ဆိုင်ရာ ဘာသာရပ်ကို အဓိက လေ့ကျင့် သင်ကြားပေးမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။
“ပထမအကြိမ်မှာ လူ့အခွင့်အရေး လှုပ်ရှားသူ ၁၅ ယောက်ကို သင်တန်း ပို့ချဖို့ စီစဉ်နေပါတယ်။ ဖေဖော်ဝါရီလအတွင်း ဖြစ်လိမ့်မယ်” ဟု ဗြိတိန်သံရုံး တတိယ အတွင်းဝန် Nicola Righini က ဆိုသည်။
အစိုးရသစ် လက်ထက်တွင် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး ဆိုင်ရာ စံနှုန်းများ သိသိသာသာ မြင့်တက်လာကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို မြန်မာဘာသာသို့ ပြန်ဆို၍ ဌာနဆိုင်ရာ အသီးသီးကို ဖြန့်ဝေနေကြောင်း အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမရက ပြောကြားသည်။
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ဆိုင်ရာ စိန်ခေါ်မှုများ ကျန်ရှိနေပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ ကို နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီရန် လွှတ်တော်က ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း Matthew Hedges က ပြောကြားသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပိုမိုခိုင်မာရန်နှင့် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီစေရန် မြန်မာ့ တပ်မတော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အပါအဝင် ပညာရေး ဝန်ထမ်းများ အရပ်ဘက် အဖွဲ့အစည်းမှ ကိုယ်စားလှယ်များကို ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့က ဘာသာရပ်ဆိုင်ရာ သင်တန်းများ ဆက်တိုက် ပို့ချလျက်ရှိသည်။
#Aye Chan Mon မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :The Voice Weekly
Post a Comment