Created on Thursday, 12 December 2013 21:07
မန္တလေးမြို့ ရေပေးဝေရေးမှာ မြို့၏တစ်စိတ်တပိုင်းသာဖြစ်ပြီး ညစ်ညမ်းသောရေ ကိုသုံးစွဲနေရကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ADB သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက မန္တလေးမြို့ ရေပေးဝေရေးစနစ်အား လေ့လာစဉ်တွေ့ရှိချက်များအရသိရသည်။
မြို့၏ရေမီတာပေးဝေရေးမှာ မြို့လယ်ကောင်ဧရိယာများအပါအ၀င် မြို့အနောက်ခြမ်းနေရာများသာ အဓိကရရှိသလို မြို့အရှေ့ခြမ်းနှင့် တောင်ခြမ်းမှာ ရေပေးဝေမှု မရရှိကြောင်းသိရသည်။ အခြေခံလူတန်းစား အများစုနေထိုင်သည့် နေရာများဖြစ်သည့် ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်များတွင် ရေပေးဝေမှုမရှိကြောင်း၊ အခြားမြို့နယ်များတွင်လည်း ရေတွန်းစက်ရုံ တည်နေရာအလိုက် မြို့နယ်အနှံ့ရေရရှိမှု ကွဲပြားကြောင်း မြို့တော်စည်ပင်သာယာ ရေပေးဝေရေးမှ သိရသည်။
ရေမရရှိသည့် မြို့နယ်များမှာ ကိုယ်ပိုင်အ၀ီစိတွင်းတူးသုံးစွဲခြင်းဖြင့် ရေသုံးစွဲမှုတွက် မိမိဘာသာဖြေရှင်းရခြင်းဖြစ်သည်။ထိုကဲ့သို့ ကိုယ်ပိုင်အ၀ီစိတွင်းတူးသုံးစွဲရခြင်း၊ သောက်ရေအတွက်ပါသုံးခြင်းကြောင့် ရေသန့်စင်မှု အာမခံချက်မရှိခြင်းတို့ကြောင့် ကျန်းမာရေးဆိုင်ရာလိုအပ်များ ရှိနေကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
" ရေပေးဝေရေးက မြို့ရဲ့တစ်စိတ်တပိုင်းပဲဖြစ်ပြီး ကန့်သတ်မှုတွေရှိနေပါတယ်။ ရေပေးဝေရေးက ရေဟာသောက်လို့မရသလို ပြည်သူတွေသုံးစွဲရတဲ့ရေဟာ ညစ်ညမ်းနေပါတယ်။ ရေအတွက်ရင်းနှီးမြှုပ်နှံမှုနည်းပါးတာကို လေ့လာချက်အရတွေ့ရပါတယ် " ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးအရာရှိ Ni-nette Ramirez က ဆိုသည်။
ရေသုံးစွဲမှုလျှော့ချစေရန်အတွက် ရေယိုစိမ့်မှုများ ကာကွယ်ထားခြင်းမရှိကြောင်း၊ ရေအရည်အသွေးကို အဆက်မပြတ် စောင့်ကြည့်ရန်လိုကြောင်း၊ ရေပေးဝေမှုတွင် ရေ၏အရည်သွေးကို ဖော်ပြသင့်ကြောင်း၊ ရေရရှိမှုအတွက် စွမ်းအင်သုံးစွဲမှု ချွေတာရန်အတွက် ကြိုတင်စဉ်းစားထားခြင်းစသည့် လိုအပ်ချက်များကိုထောက်ပြခဲ့သည်။ ကောင်းမွန်သည့် မိလ္လာစနစ်မရှိခြင်းကလည်း မြေအောက်ရေ ညစ်ညမ်းမှုကို ဖြစ်ပွားစေသည့်အတွက် ရေမရရှိသည့်နေရာများက ကိုယ်ပိုင်အ၀ီစိတွင်း တူးကာသုံးစွဲနေရခြင်းက ကျန်းမာရေးအတွက် ရေရှည်တွင်ထိခိုက်လာနိုင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
မန္တလေးမြို့ မြို့စွန်ရပ်ကွက်များတွင် နွေရာသီအချိန်၌ သောက်သုံးရေရရှိရန် အများသုံးရေတွင်းများမှ သယ်ဆောင်နေသည်ကိုတွေ့ရစဉ်
Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :Eleven Media Group

Post a Comment