0

Created on Thursday, 12 December 2013 21:04


ဒီဇင်ဘာ ၁၁ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က ပခုက္ကူမြို့၊ အမှတ်(၁၃)ရပ်ကွက် မြဧရာလမ်းတွင် ဖုန်းအားသွင်းရာမှ မီးအားမြှင့်စက် အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်ခုနစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အသက် (၆၀)အရွယ် စိတ်ဝေဒနာခံစားနေရသည့် အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ပခုက္ကူ မြို့၊ အမှတ်(၁၃) ရပ်ကွက်၊ မြဧရာလမ်းတွင် နေထိုင်သည့် ကိုမြင့်ကျော် ၃၈နှစ်၊ (ဘ)ဦးမြသန်းသည် နေအိမ်အောက်ထပ်ရှိ မီးအားမြှင့်စက်မှ တစ်ဆင့် ဖုန်းအားသွင်းပြီး အိပ်ပျော်သွားခဲ့ရာ ဖုန်းနှင့်မီးအားမြှင့်စက်တို့ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုကြောင့် ဦးမြင့်ကျော်၏ နေအိမ်နှင့်အလုပ်ရုံအပါအ၀င် ကပ်လျက်ရှိ ဦးစိန်အောင်၏ (၄x၃)ပင် သွပ်မိုးထရံကာ ပျဉ်ခင်းအိမ်တစ်လုံး၊ ဒေါ်မြအေး၏ (၃x၃)ပင် သွပ်မိုးထရံကာ ၀ါးကြမ်းခင်းအိမ်တစ်လုံး၊ ဦးညွန့်မောင်၏ (၃x၃)ပင် သွပ်မိုးထရံကာ ပျဉ်ခင်းအိမ်နှစ်လုံး၊ ဦးမောင်မြင့် ၏ (၃x၃) ပင် သွပ်မိုးထရံကာ ၀ါးကြမ်းခင်းအိမ်တစ်လုံး၊ ဦးကျော်မြင့်၏ (၃x၃) ပင် သွပ်မိုးထရံကာ ပျဉ်ခင်းအိမ်တစ်လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး ဦးစိန်အောင်၏ ညီမ ဒေါ်ဌေး အသက် ၆၀ (စိတ်ဝေဒနာခံစားနေရသူ)မှာ မီးလောင်သေဆုံးခဲ့ကြောင်းသိရသည်။ " မီးလောင်တဲ့နေရာကို ချက်ချင်း ရောက်သွားတယ်။ အိမ်တွေအားလုံးက ဖိနပ်လုပ်တဲ့သူတွေဆိုတော့ အိမ်တိုင်းမှာ လောင်စာဆီရှိတယ်။ မီးကူးတာတအားမြန်တယ်။ အနောက်ဘက်ဆုံးအိမ်က အစွန်ဖြစ်နေတဲ့အတွက် ဘေးကိုဆက်မကူးတာ။ ရာသီဥတုကလည်း အအေးဓာတ်ဝင်နေတာကြောင့် ဒီလောက်နဲ့တော်သွားတာ " ဟု အမှတ်(၁၃) ရပ်ကွက်မှ ကိုယ်တိုင်မီးငြှိမ်းသတ်ခဲ့သူ ကိုကျော်မြင့်အေးက ဆိုသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ယာဉ် ၁၄ စီး၊ သန္ဓေမီးသတ် ၁၅ ဦး၊ အရန်မီးသတ် ၅၅ ဦးနှင့် ရပ်ကွက်နေပြည်သူများ၊ သံဃာတော်များ ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည ၁၂ နာရီ မိနစ် ၂၀ တွင် မီးညွန့်ကျိုးသွားခဲ့ပြီး
၁၂ နာရီ ၄၅ မိနစ်ခန့်တွင် လုံးဝငြှိမ်းသတ်နိုင်ခဲ့ကာ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကျပ် ၁၅ သိန်းခန့် ရှိကြောင်းသိရသည်။ မီးစတင်လောင်ကျွမ်းရာနေအိမ်မှ ကိုမြင့်ကျော်အား ပခုက္ကူမြို့နယ် ရဲစခန်းမှ (ပ) ၃၀၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဒီဇင်ဘာ ၁၁ ရက် ည ၁၁နာရီ ၄၅ မိနစ်ခန့်အချိန်က အမှတ် ၁၃ ရပ်ကွက် မြဧရာလမ်းအတွင်း မီလောင်မှုဖြစ်စဉ်အားတွေ့ရစဉ်

Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်

Credit To :Eleven Media Group
75

Post a Comment

 
Top