Created on Monday, 09 December 2013 18:57
ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်းက သိမ်ဖြူအားကစားကွင်းအား ပြည်သူလူထုအကျိုးမရှိသည့် အထပ်မြင့်ဆောက်လုပ်ရေး စီမံကိန်း ပြုလုပ်နေသည်ဟုဆိုကာ လူအင်အား ၃၀ခန့်မှ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလ၀န်းမှ သိမ်ဖြူအားကစားကွင်းအထိ၊ သိမ်ဖြူအားကစားကွင်းမှ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
ဆန္ဒပြသူများသည် သိမ်ဖြူအားကစားကွင်းအပါအ၀င် အခြားကစားကွင်းများနှင့် ပန်းခြံများအား ပြည်သူများအကျိုးမရှိဘဲ ခရိုနီစီးပွားရေး လုပ်ငန်းရှင်များသာ အကျိုးရှိသော စီမံကိန်းများ ပြုလုပ်နေသည့်အတွက် ကန့်ကွက်ကြောင်းနှင့် အားကစားလောကအတွက် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရေးတို့အတွက် ယင်းကဲ့သို့စီမံကိန်း ပြုလုပ်နေသည်များကို ကန့်ကွက်ကြောင်း အော်ဟစ်ကြွေးကြော်၍ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
"အဓိကကတော့ သိမ်ဖြူအားကစားကွင်းနဲ့ အခြားကစားကွင်းတွေ ပန်းခြံတွေပေါ်မှာ ပြည်သူလူထု အကျိုးတစ်စုံတစ်ရာမရှိဘဲ တိုင်းဒေသကြီးအစိုးရတွေ၊ မြို့တော်စည်ပင်တွေနဲ့ ပူးပေါင်းပြီး စီမံကိန်းလုပ်ဆောင်မှုတွေ ရှိနေလို့ပါ။ အခုဆို ရန်ကုန်မှာ ကလေးတွေအတွက် ကစားစရာမြေမရှိတော့ပါဘူး။ သိမ်ဖြူကွင်းဆိုရင်လည်း မင်္ဂလာတောင်ညွန့်မြို့နယ်ကနေပြီးတော့ လက်ရွေးစင်ကစားသမားတွေ ထွက်ခဲ့ပါတယ်။ အားကစားကွင်းတွေမရှိရင် အားကစားသမားကောင်းတွေလည်း မထွက်နိုင်တော့ပါဘူး။ ဒီကိစ္စကို သမ္မတ၊ လွှတ်တော်နဲ့ တိုင်းအစိုးရတွေဆီကိုလည်း တင်ပြတိုင်ကြားပြီးပါပြီ။ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးလို့ အခုလိုဆန္ဒပြတာပါ" ဟု ဆန္ဒပြပွဲတွင် ဦးဆောင်ခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးအေးမင်းက ပြောကြားသည်။
ထို့ပြင် ယင်းဆန္ဒပြပွဲ၌ ပူးပေါင်းပါဝင်လာသည့် ဗဟန်းမဲဆန္ဒနယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းကလည်း "ကျွန်မ ဒီကိစ္စကို တိုင်းလွှတ်တော်မှာ မေးခွန်းအနေနဲ့ မေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် မြို့တော်စည်ပင်ထံက လိုချင်တဲ့အခြေတော့ မရရှိခဲ့ပါဘူး။ ပြည်သူလူထုမလိုလားဘူးဆိုတာ သေချာနေရင် မြစ်ဆုံစီမံကိန်းလိုကိစ္စမျိုးတောင် သမ္မတက ရပ်ဆိုင်းပေးခဲ့သေးတာပဲ။ အခုလည်း ဒီလိုကစားကွင်းတွေကိုဖျက်ပြီး အိမ်ရာစီမံကိန်းတွေ ရန်ကုန်မှာဖြစ်နေတဲ့ကိစ္စကို ပြည်သူမလိုလားရင် တိုင်းဒေသကြီး အစိုးရအနေနဲ့ ရပ်ဆိုင်းပေးသင့်ပါတယ်" ဟု ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ယင်းသိမ်ဖြူ အားကစားကွင်းအား KanThar Yar Consortium Tower အဖြစ် Asia Myanmar Consortium Development Co.,Ltd(AMCD) နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဆောက်လုပ်ရေးပိုင်းနှင့် ဗိသုကာပိုင်းတို့အား မြန်မာကုမ္ပဏီများနှင့် စင်ကာပူနိုင်ငံမှ ကုမ္ပဏီများ ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။
သိမ်ဖြူအားကစားကွင်းသည် ဖဆပလ အစိုးရလက်ထက်ကတည်းက တည်ရှိခဲ့ပြီး လွတ်လပ်ရေး အခမ်းအနားများကိုပင် ကျင်းပခဲ့ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ကားမောင်းသင်တန်း လေ့ကျင့်ကွင်းအဖြစ် ပြောင်းလဲခဲ့ပြီးနောက် ယခုအချိန်တွင် အထပ်မြင့်ဆောက်လုပ်ရန် စီမံကိန်းများပြုလုပ်နေကြောင်း ဦးအေးမင်း၏ ပြောကြားချက်များအရ သိရသည်။
စီမံကိန်းလုပ်ငန်းခွင်ရှေ့တွင် ဆန္ဒပြနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)
အေးချမ်းမွန် Credit To > Eleven Media Group < Thankhttps://www.facebook.com/excellencemedia
Post a Comment