0


ရန်ကုန်၊ ဒီဇင်ဘာ ၂

မြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ လုပ်ဆောင်ချက်များကို မကျေနပ်၍ ဆန္ဒပြရန် စီစဉ်နေသည့် ရခိုင်ပြည်နယ် ပေါက်တောမြို့မှ မြို့ခံများ တောင်းဆိုချက်ကို ဖြေရှင်းရန် အဖွဲ့တစ်ဖွဲ့ကို ရခိုင်ပြည်နယ် အစိုးရက စေလွှတ်ထားကြောင်း ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးမြအောင်က ပြောကြားသည်။

လမ်းများ ပျက်စီးမှုကို မပြုပြင်မူ၊ အခွန်အကောက်များ အဆမတန် ကောက်ခံမှု၊ ရေပေးဝေမှု စသည့် ကိစ္စများနှင့် ပတ်သက်၍ ပေါက်တောမြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ လုပ်ဆောင်ချက်များကို မကျေနပ်သဖြင့် မြို့ခံ ၃၀၀ ကျော် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဆန္ဒပြရန် ယနေ့ (ဒီဇင်ဘာ ၃) တွင် ခွင့်ပြုမိန့် လျှောက်ထားမည် ဖြစ်ကြောင်း ယင်းဆန္ဒပြမှု ဖြစ်မြောက်ရေး ဦးဆောင်သူ တစ်ဦးဖြစ်သူ ဦးကျော်ဇံလှက ဆိုသည်။

ပေါက်တောမြို့ခံများ ဆန္ဒပြ တောင်းဆိုမည့် အချက်များတွင် စည်ပင်သာယာရေးအပြင် အခြားဌာနများနှင့် ပတ်သက်သည့် တောင်းဆိုမူများ ပါဝင်နေကြောင်း၊ အစိုးရ အနေနှင့် မြို့ခံလူထု၏ တောင်းဆိုမှုများကို အတတ်နိုင်ဆုံး ဖြေရှင်း ပေးသွားမည် ဖြစ်ကြောင်း ဦးမြအောင်က ပြောဆိုသည်။
“၁၃ - ၁၄ ဘဏ္ဍာနှစ်မှာ လုပ်ဖို့ သတ်မှတ်ထားတာတွေ ရှိတယ်။ အဲဒါတွေကို ပြီးအောင် လုပ်ဆောင်ထားတာ မရှိဘူးဆိုရင် ဝန်ထမ်းတွေကို အရေးယူမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လမ်းများကို ပြုပြင်ပေးရန်၊ အခွန်အကောက်များကို လျှော့ချပေးရန်၊ စည်ပင်သာယာရေး ကော်မတီ၏ ဥပဒေများကို ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း ချပြရန်၊ ရပ်ကွက် အားလုံးကို ရေပေးဝေရန်၊ ဘတ်ဂျက်များကို အလွဲသုံးစား ပြုလုပ်မှု ရပ်တန့်ရန်၊ စီမံကိန်း လုပ်ငန်းများကို ပွင့်လင်းမြင်သာမူ ရှိရန် အပါအဝင် အချက် ၁၇ ချက်ကို တောင်းဆို ဆန္ဒပြမည် ဖြစ်ကြောင်း ဦးကျော်ဇံလှက ဆိုသည်။
“လမ်းတွေဆိုရင် ဆိုက်ကားတွေ၊ ယာဉ်တွေ သွားလာလို့ မရဘူး” ဟု ၎င်းက ပြောကြားသည်။

ရေပေးဝေရာတွင် ၂၄ နာရီလုံး ပေးထားသဖြင့် ရေများပြုန်း တီးကာ နွေရာသီရောက်ပါက ရေရှားပါးမှု ပြဿနာ ကြုံတွေ့ရသဖြင့် ရေပေးဝေရေးစနစ်ကို စည်းကမ်းရှိရှိ လုပ်ဆောင်ပေးရန် လိုအပ်ပြီး ရပ်ကွက် (၅) တွင်မူ ရေရရှိခြင်း မရှိသေးကြောင်း၊ ဆိပ်ကမ်းတွင် ခရီးသည်များထံမှ အခွန်ငွေများကို ပြေစာပေးခြင်း မရှိဘဲ ကောက်ခံနေကြောင်း ဦးကျော်ဇံလှက ဆိုသည်။

အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top