0

written by
စည်သူအောင်မြင်

မြန်မာပို့စ် ဂျာနယ်၊ ၂-၁၁-၁၃။ စာ- မျက်နှာဖုံး။

အခုရက်ပိုင်းအတွင်း မန္တလေး မစိုးရိမ်တိုက်သစ်က နာမည်ကြီး ဆရာတော် အရှင်ဝီရသူဟာ သူ့ရဲ့ တရားပွဲတွေထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတ်သက်ပြီး ထည့်သွင်း ဟောပြောတာတွေ လုပ်ပါတယ်။ ဒီ ကိစ္စ သတင်းမီဒီယာတွေက မေးမြန်းလျောက်ထားကြတဲ့အခါ အရှင်ဝီရသူကလည်း မငြင်းပါဘူး။ “စောင့်လေမျိုးနွယ်” နဲ့ ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဥပမာပေး ဟောတာပါလို့ ပြန်ဖြေပါတယ်။ ဒါတင်မက “ဒေါ်စုသာ သမ္မတဖြစ်သွားမယ်ဆိုလို့ရှိ ရင် တိုင်းပြည်အုပ်ချုပ်ရေးက ဒီ့ထက်ပိုပြီး ဖယိုဖရဲ ဖြစ်သွားနိုင်တယ်။ ပြီးတော့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဒီ့ထက်ပိုပြီး ကြီးထွားလာနိုင်တယ်။ ဒေါ်စုအပေါ် မကျေနပ်ချက်တွေနဲ့ ပြည်သူလူထုတွေက အုံကြွဆူပူမှုတွေ ပြန်ဖြစ်နိုင်တယ်။” ဆိုပြီးလည်း ရဲရဲတင်းတင်း မိန့်ကြားလိုက်ပါသေးတယ်။ သိပ်မကြာသေးခင်တုန်းကတော့ ဘာသာရေး လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေနဲ့ ပါတ်သက်ပြီး မှန်ရာ ထုတ်ဖော်ပြောဆိုတဲ့ အင်န်အယ်လ်ဒီ အမတ် ဦးဝင်းထိန်ဟာ ပထမ ဦးဆုံး ပစ်မှတ် ဖြစ်ခဲ့ပြီးပါပြီ။ အခု ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုတိယ ပစ်မှတ် ဖြစ်လာနေပြီလား ဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ပထမ ပစ်မှတ် ဦးဝင်းထိန်
ပြီးခဲ့တဲ့ အချိန်ကာလ ရခိုင်ပြည်နယ်မှာ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် ဒါကို အသုံးချပြီး တစ်ချို့ပုဂ္ဂိုလ်တွေက ပြသနာကို ပြည်မ ထဲ ဆွဲသွင်းလာခဲ့ပါတယ်။ အဲလို ပြသနာကို ဆွဲသွင်းလာပြီး အကြမ်းဖက်မှုတွေ၊ မီးလောင်မှုတွေ၊ လူသတ်မှုတွေ၊ ဒုက္ခသည်ဖြစ်မှုတွေ ဖြစ်ပွားလာတဲ့အခါ အကြမ်းဖက်မှုကို မလိုလားတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင် အပါအ၀င် နိုင်ငံရေးသမားတစ်ချို့နဲ့ သတင်းစာဆရာ တစ်ချို့က ဒါတွေနဲ့ ပါတ်သက်တဲ့ သဘောထား အမြင်တွေကို ထုတ်ဖော် ပြောဆိုလာကြပါတယ်။ ဒီအခါ ဘာသာရေးခေါင်းစဉ်တပ် လှုပ်ရှားနေသူတွေက ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင် အပါအ၀င် အကြမ်းဖက်မှုကို မလိုလားတဲ့၊ ဆန့်ကျင်တဲ့၊ ငြိမ်းချမ်းရေးကို လိုလားတဲ့၊ လူ့အခွင့်အရေးကို လေးစားတဲ့၊ လူပုဂ္ဂိုလ်တွေကို စော်ကားပုတ်ခတ်မှုတွေ စပြီး လုပ်လာပါတော့တယ်။
အဲဒီလို တစ်စွန်းတစ်စ လုပ်ကိုင်မှုတွေ ပေါ်ထွက်လာပြီးတဲ့နောက် လက်ရှိ အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်သူ ရှိရမယ်၊ အဲဒီ လူတွေဟာ လက်ရှိ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံတွေ အပေးအယူ အလျော့အတင်း လုပ်ပြီး ငြိမ်းချမ်းစွာ သွားနေတဲ့ အပြောင်းအလဲကို မလိုလားသူတွေ၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင် အပါအ၀င် ပြည်သူလူထု ထောက်ခံမှု အပြည့်အ၀ ရထားသူတွေကို ဘာသာရေး ခေါင်းစဉ်တပ် တိုက်ခိုက်ပြီး ပြည်သူတွေကို လမ်းလွဲရောက်အောင် ပို့မယ့် သူတွေဖြစ်တယ် ဆိုပြီး အစိုးရဘက်က ပုဂ္ဂိုလ်တစ်ချို့ရော အတိုက်အခံနိုင်ငံရေးသမားတွေ ဘက်ကပါ သုံးသပ်ပြောဆိုမှု ရှိခဲ့ပါတယ်။
တကယ့်တကယ်လည်း အဲလို ဖြစ်တယ်ဆိုတာ သက်သေ အထောက်အထားတွေ ဟိုနေရာ တစ်စ ဒီနေရာ တစ်စ တွေ့မြင်လာနေရပါတယ်။ အေးမြငြိမ်းချမ်းတဲ့ ဗုဒဘာသာကိုခံယူထားတဲ့ ဘုရားသားတော် တစ်ပါးဆိုရင် သံဃာဖြစ်ပါလျက် မြတ်ဗုဒ္ဓရဲ့ ငြိမ်းချမ်းတဲ့ တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးရမယ့်အစား ဘာသာခြားတွေကို မုန်းတီးဖို့ တရားဟောပါတယ်။ ဒါပေမယ့် သူ့ အဓိက နောက်ဆုံး ဦးတည်ပစ်မှတ်ဟာ အဲဒီ ဘာသာဝင်တွေ ဟုတ်ဟန် မတူပါဘူး။ သူဟောတဲ့ တရားထဲမှာ ဘာသာခြား တွေက ဗုဒ္ဓဘာသာတွေကို ဘယ်လို စော်ကားနေတယ်၊ ဘယ်လို မဟုတ်တာ လုပ်နေတယ်ဒါကြောင့် မြန်မာပြည်ဟာ ဘာသာခြားလွှမ်းမိုးတဲ့ အိမ်နီးချင်း နိုင်ငံတစ်ချို့လို ဖြစ်သွားနိုင်တယ် စသဖြင့် မမှန်ကန်တဲ့ အချက်အလက်တွေနဲ့ အမုန်းတရား ပွား အောင် လုပ်နေတဲ့အပြင် အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ခွတ်ဒေါင်းအလံကို မွတ်ဒေါင်း အလံဖြစ်သွားပြီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင် ဆိုရင်လည်း ဘာသာခြားတွေရဲ့ ကိုယ်စားလှယ် ဖြစ်သွားပြီ စသဖြင့် ဘာသာရေးမှိုင်းတိုက် တိုက်ခိုက်တာတွေ လုပ်တာ တွေ့လာရပါတယ်။
ဒီအတွက်လည်း ဘာသာရေးအကြမ်းဖက်မှု ပြသနာတွေဖြစ်ပေါ်တိုင်း၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေဖြစ်ပေါ်တိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ အင်အားစုတွေဟာ အတော့်ကို သတိကြီးကြီးထား ပြောရ ဆိုရ ချဉ်းကပ်ရတာ တွေ့လာရပါတယ်။ တစ်ခုခု ပြောလိုက်တာနဲ့ ဘာသာခြားဘက် လိုက်တယ် ဆိုတဲ့ တံဆိပ်ကပ်ပြီး ပြည်သူကို လိမ်ညာစည်းရုံး မှိုင်းတိုက်ကြပါတော့တယ်။ အဲဒီကနေ တဆင့် ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေး၊ မင်းကိုနိုင်နဲ့ ၈၈ မျိုးဆက် ဆန့်ကျင်ရေး၊ အတိုက်အခံအင်အားစု ဆန့်ကျင်ရေး ဆိုတာမျိုးအထိ သွားကြဖို့ ရည်ရွယ်ကြဟန်တူပါတယ်။
သိပ်မကြာလိုက်ပါဘူး။ ကုလသမဂ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စတာ ကင်တားနား ကာဖျူးအမိန့် ထုတ်ထားတဲ့ ည ၁၀ နာရီခွဲ အကျော် မိတ္တီလာ မြို့ကို ရောက်လာစဉ် မြို့ခံတစ်ချို့က ဥပဒေချိုးဖေါက်ပြီး မစ္စတာ ကင်တားနား ကားကို ၀ိုင်းဝန်းခဲ့တဲ့ ကိစ္စ၊ ဒါကို ရဲတပ်ဖွဲ့ကလည်း မတားဆီးခဲ့တဲ့ကိစ္စ ဦးဝင်းထိန်က သတင်းမီဒီယာတွေကို အမှန်အတိုင်း ပြောဆိုလိုက်တဲ့အခါ အင်န်အယ်လ်ဒီ အမတ် ဦးဝင်းထိန်ဟာ ပထမ ပစ်မှတ် ဖြစ်သွားခဲ့ရပါတယ်။ အဲဒီ ဖြစ်ရပ်အပေါ် အခြေခံပြီး မိတ္တီလာမြို့ခံ တစ်ချို့က ဦးဝင်းထိန်ကို ဆန့်ကျင်ကန့်ကွက်မယ့် ဆန္ဒပြပွဲတစ်ခု လုပ်ဖို့ ခွင့်ပြုချက် တင်ခဲ့ကြပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာက ခွင့်မပြုတဲ့အတွက် ဆန္ဒမပြခဲ့ကြပါဘူး။ အခု နောက်ထပ် လုပ်တာကတော့ ဦးဝင်းထိန်ကို အမတ်တာဝန်ကနေ ပြန်ရုပ်သိမ်းရေး တင်ပြနိုင်ဖို့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ လက်မှတ်တွေ ကောက်ခံ တင်ပြသွားမယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လုပ်ရပ်က မမှန်လို့ပဲလားတော့မသိ၊ နောက်ပိုင်း ဘာသတင်း ဘာအသံမှ ထွက်မလာခဲ့တော့ပါဘူး။ အခု တစ်ခါ အလှည့်ကျလာသူကတော့ ဒေါ်အောင်ဆန်းစုကြည်ပါ။

အရှင်ဝီရသူ ဟောတဲ့တရား
တကယ်တော့ ဆရာတော် သံဃာတော်တွေ တရားရေအေး အမြိုက်ဆေး တိုက်ကျွေးတယ်ဆိုတာဟာ ဗုဒ္ဓဘာသာရဲ့ အေးမြ ငြိမ်းချမ်းမှုကို ဗုဒ္ဓ၀င်တွေ၊ အဌကထာတွေ၊ ဗုဒ္ဓဘာသာကျမ်းဂန်တွေကို ကိုးကားပြီး ဟောကြားကြရတာပါ။ တစ်ခါတစ်ရံ တိုင်းပြည် အတိဒုက္ခရောက်နေချိန်များမှာတော့ ဆရာတော် သံဃာတော်များဟာ ကိုယ့်အသက်၊ ကိုယ့်ကိုယ်ကျိုးကို မငဲ့ကွက်ပဲ တိုင်းရေးပြည်ရာကိစ္စတွေကို ဗုဒ္ဓကျမ်းဂန်တွေ ကိုးကားပြီး တပည့် ဒါယိကာ ဒါယိကာမတွေအတွက် ဟောပြောတာမျိုးလည်း ရှိခဲ့ပါတယ်။ ဥပမာ မြန်မာနိုင်ငံ သူ့ကျွန်ဘ၀ ရောက်နေတဲ့ အခါမျိုး၊ မြန်မာပြည်သူတွေ စစ်အာဏာရှင်လက်အောက် ပြားပြားမှောက် ဒုက္ခရောက်ရတဲ့ အခါမျိုးမှာ ဖြစ်ပါတယ်။ တစ်တိုင်းတစ်ပြည်လုံးက ကြည်ညိုကိုးကွယ်ရုံမက ကမ္ဘာကပါ လေးစားတဲ့ သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိသရ နဲ့ ဆရာတော် သံဃာတော်တွေ အဲလို တရားမျိုး ဟောခဲ့ကြဘူးပါတယ်။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးတွေ အမုန်းတရားတွေကိုတော့ မဟောကြားခဲ့ကြပါဘူး။
အခု အရှင် ၀ီရသူရဲ့ တရားတွေနဲ့ မိန့်ကြားချက်တွေကတော့ အဲဒါတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသားတစ်ယောက်နဲ့ အိမ်ထောင်ကျခဲ့တဲ့ အဖြစ်ကို ပြန်ဖော်ထုတ်ပြီး အမျိုးမစောင့်သူအဖြစ် ပုံဖော်ပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အဲလို ဆိုးဆိုးရွားရွား အောက်တန်းကျကျ တိုက်ခိုက်မှုမျိုးတွေ အရင် စစ်အာဏာရှင်ခေတ်တုန်းက အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့ဖူးပါတယ်။ စစ်အာဏာရှင် ဒေါက်တိုင် ထိပ်တန်းခေါင်းဆောင် တစ်ချို့ရဲ့ နှုတ်ဖျားကနေ ရင့်ရင့်သီးသီး ပြောဆိုခဲ့ဖူးပါတယ်။ မပြေးသော်ကန်ရာရှိ အခု အရှင်ဝီရသူ ဟောပြောနေတာတွေဟာ အဲဒီတုန်းက ပုံစံအတိုင်းပါပဲ။
နောက်တစ်ချက်ကတော့ နိုင်ငံရေးနဲ့ ပါတ်သက်လို့ ဟောပြောချက်ပါ။ ဦးသိန်းစိန်ကို သမ္မတ ဆက် ဖြစ်စေချင်တယ်။ ဦးသိန်းစိန် အရွေးမခံတော့ဘူးဆိုရင် ဦးရွှေမန်းကို ဖြစ်စေချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတ်သက်လို့ကတော့ အတိုက်အခံလုပ်ဖို့ပဲ ကျွမ်းကျင်တယ်၊ “ဒေါ်စုသာ သမ္မတဖြစ်သွားမယ်ဆိုလို့ရှိ ရင် တိုင်းပြည်အုပ်ချုပ်ရေးက ဒီ့ထက်ပိုပြီး ဖယိုဖရဲ ဖြစ်သွားနိုင်တယ်။ ပြီးတော့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဒီ့ထက်ပိုပြီး ကြီးထွားလာနိုင်တယ်။ ဒေါ်စုအပေါ် မကျေနပ်ချက်တွေနဲ့ ပြည်သူလူထုတွေက အုံကြွဆူပူမှုတွေ ပြန်ဖြစ်နိုင်တယ်။” ဆိုပြီး မိန့်ခဲ့ပါတယ်။

ဘာတွေလွဲနေသလဲ
ပထမ တစ်ချက်ကတော့ ရဟန်းသံဃာတွေ နိုင်ငံရေးနဲ့ ဆိုင်တဲ့ တရားတွေ ဟောသင့် မသင့် ပြသနာ ဖြစ်ပါတယ်။ ဒါကိုတော့ ဆရာတော် သံဃာတော်တွေ စဉ်းစားသုံးသပ်ကြဖို့ လိုနေပါပြီ။ နောက်တစ်ချက်ကတော့ နိုင်ငံရေးတင်မက ပုဂ္ဂိုလ်ရေးတွေ ပါဝင်လာတဲ့ ပြသနာပါ။ တကယ်တော့ ရဟန်းသံဃာတွေ ဆိုတာတွေကလည်း ပုထုဇဉ်တွေပါပဲ။ ဒီအတွက် မတူခြားနားတဲ့ အကြိုက် ရှိကြမှာပဲဖြစ်ပါတယ်။ ဒီအခါ ဦးသိန်းစိန်ကို သမ္မတ ဖြစ်စေချင်တဲ့ ဆရာတော်၊ ဦးရွှေမန်းကို သမ္မတ ဖြစ်စေချင်တဲ့ ဆရာတော်၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေချင်တဲ့ သံဃာတော်၊ မင်းကိုနိုင်ကို သမ္မတ ဖြစ်စေချင်တဲ့ ဆရာတော် စသဖြင့် အမျိုးမျိုးအဖုံဖုံ တရားတွေဟောကြ၊ သတင်းမီဒီယာတွေကို မိန့်ကြရင်ဖြင့် သံဃာတွေ သင်းကွဲဖို့ပဲ ရှိလာနိုင်ပါတယ်။

ဒုတိယ ပစ်မှတ်
ဘယ်လိုပဲဖြစ်ဖြစ် အရှင်ဝီရသူရဲ့ တရားပွဲတွေမှာ ပြောဆိုချက်၊ သတင်းမီဒီယာတွေကို မိန့်ကြားချက်တွေကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုတိယ ပစ်မှတ် ဖြစ်လာနေပြီ ဆိုတာ ထင်ထင်ရှားရှားမြင်နေရပါတယ်။ ဆရာတော် သံဃာတော်တွေ အပါအ၀င် အေးမြငြိမ်းချမ်းတဲ့ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သူအပေါင်း အခုပြသနာကို ပေါ့ပေါ့ဆဆ မထားပဲ ၀ိုင်းဝန်း ဖြေရှင်းကြဖို့ အချိန်တန်ပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်
မူရင်း Pyae Phyoe Aung

2.12.2013

ပြန်လည်မျှဝေပေးပါတယ်။

အေးချမ်းမွန် Credit To >Tun Wai < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top