0

Created on Saturday, 30 November 2013 18:09 

မြန်မာ့အာမခံနှင့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ ပါဝင်သည့် အာမခံအသင်း ဖွဲ့စည်းရန်အတွက် မူကြမ်းရေးဆွဲပြီးဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ သိရသည်။

အာမခံဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာ့အာမခံ လုပ်ငန်းနှင့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ ပါဝင်သည့် အာမခံ အသင်းကို ဖွဲ့စည်းသွားရန် စီစဉ်လျက်ရှိပြီး ယင်းအတွက် မူကြမ်းရေးဆွဲထားပြီးဖြစ်ကြောင်း သိရသည်။

"အာမခံအသင်း ဖွဲ့စည်းဖို့အတွက် မူကြမ်းရေးဆွဲပြီးပြီ။ အာမခံ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းကို တင်ပြမယ်။ အဲဒီမှာ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး ဖြည့်စွက်သင့်တာ ဖြည့်စွက်မယ်" ဟု မြန်မာ့အာမခံ လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ဆိုသည်။

အဆိုပါအသင်း ဖွဲ့စည်းရန်အတွက် ပုဂ္ဂလိက အာမခံ ကုမ္ပဏီများမှ သဘောတူညီကြပြီး မြန်မာ့အာမခံ လုပ်ငန်းမှလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်မည်ဖြစ်ကာ အာမခံ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။

"နိုင်ငံတကာမှာ အာမခံ ကုမ္ပဏီတွေပေါ်ပြီး နှစ်ပေါင်းလေးငါးဆယ်ကျော်တဲ့ အခါမှသာ အာမခံ အသင်းကို ဖွဲ့ကြတာ။ မြန်မာပြည်မှာက အာမခံ ကုမ္ပဏီတွေပေါ်ပြီး သုံး၊ လေးလ ကြာတဲ့အခါမှာ အာမခံ အသင်းဖွဲ့ဖို့ စဉ်းစားတယ်ဆိုတော့ တော်တော်လေးကို ရှေ့ရောက်တယ် ပြောရမှာပေါ့။ NGO ပုံစံမျိုးပဲ ဖွဲ့စည်းသွားမှာပါ။ အကျိုးကျေးဇူးတွေ အများကြီး ရမယ်။ အာမခံ ကုမ္ပဏီတွေ ကြားထဲမှာ ကောင်းသောယှဉ်ပြိုင်ခြင်းမျိုးနဲ့ ပြိုင်ဆိုင်တာ ဖြစ်သွားမယ်။ အာမခံ လုပ်ငန်းနဲ့ အာမခံပညာ တိုးတက်ဖို့ အထောက်အကူ ဖြစ်မယ်။ ကိစ္စတစ်ခုခု ဖြစ်လာရင် အသင်းက စုပေါင်းဆုံးဖြတ် အဲလိုစနစ်တကျ ဖြစ်သွားမယ်" ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

ပုဂ္ဂလိက အာမခံ ကုမ္ပဏီများကို ၂၀၁၃ ခုနှစ်တွင် မြန်မာ့အာမခံ လုပ်ငန်းမှ လုပ်ငန်းလိုင်စင် ချထားပေးခဲ့ပြီး လက်ရှိတွင် လိုင်စင်ချထားပေးသည့် ကုမ္ပဏီ ၁၁ ခုရှိပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီများကို မီးအာမခံ၊ အလုံးစုံ မော်တော်ယာဉ် အာမခံ၊ အသက်အာမခံ၊ ငွေပို့ငွေသယ် အာမခံ၊ သမာဓိ အာမခံ၊ ငွေသားလုံခြုံမှု အာမခံတို့ကိုသာ လုပ်ကိုင်ခွင့် ပြုထားကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top