ရွှေလီ၊ ဒီဇင်ဘာ ၇
မြန်မာ-တရုတ်၏ အဓိက နယ်စပ် ကုန်သွယ်ရေးဖြစ်သည့် ရွှေလီမြို့မှ နယ်စပ် ကုန်သွယ်မှု ပမာဏမှာ တရုတ်-မြန်မာ ကုန်သွယ်ရေး၏ ၂၀ ရာခိုင်နှုန်းရှိပြီး ယခုနှစ်တွင် နယ်စပ် ကုန်သွယ်ရေး ပမာဏကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ရန် ရည်ရွယ်ထားကြောင်း ယူနန်ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
တရုတ်နိုင်ငံ ကြယ်ဂေါင်မြို့တွင် ဒီဇင်ဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပလျက်ရှိသော (၁၃) ကြိမ်မြောက် တရုတ်-မြန်မာ ကုန်သွယ်ရေး ကုန်စည်ပြပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်မှု ပမာဏမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ ကုန်သွယ်မှုပမာဏ ၆၀ ရာခိုင်နှုန်း ရှိကြောင်း၊ ရွှေလီမြို့သည် တရုတ်နိုင်ငံ နယ်စပ်ဒေသများအနက် မြန်မာနိုင်ငံ သို့ ကုန်သွယ်ရေး အကြီးဆုံးသော နယ်စပ်မြို့ ဖြစ်ပြီး မူဆယ် နယ်စပ်ပေါက်မှတစ်ဆင့် အရှေ့တောင်အာရှသို့ ဆက်သွယ်ရေး အဓိကကျသည့် နေရာတွင် ပါဝင်ကြောင်းလည်း ၎င်းကဆိုသည်။
ရွှေလီမြို့ကို ဖွံ့ဖြိုး တိုးတက်မှု စမ်းသပ်ဒေသအဖြစ် ဈေးကွက် တည်ဆောက်ခြင်းနှင့် နယ်စပ် ကုန်သွယ်ရေး တိုးတက်ခြင်းတို့မှာ ငါးနှစ်အတွင်း အောင်မြင်မှုနှစ်ဆ ရရှိကြောင်း ရွှေလီ နယ်စပ်အထူးဒေသ သတင်းစာတွင် ဖော်ပြထားသည်။
“နယ်စပ် ကုန်သွယ်ရေးကတော့ နှစ်တိုင်း တိုးတက်တယ်။ မတိုးတက်တာကတော့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ပဲ။ နေ့တိုင်း ကုန်တင်ကားတွေ ပိတ်ပြီး တန်းစီစောင့်နေရတုန်းပဲ။ အခြေခံ အဆောက်အဦတွေ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှာ ပိုကောင်းဖို့ လိုနေတယ်” ဟု မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ သစ်သီးဝလံ ကုန်သည်တစ်ဦးက ဆိုသည်။
နယ်စပ် ကုန်သွယ်ရေး အဓိကကျသည့် မူဆယ်မြို့တွင် အထူးစီးပွားရေးဇုန် အကောင်အထည် ဖော်ရန် အစီအစဉ် ရှိကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံ စုံစမ်းသိရှိရသည်။
အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/
Post a Comment