0


မိတ္ထီလာ၊ နိုဝင်ဘာ ၃၀

မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက်ရှိ ပထမကျော် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ဖွင့်လှစ်ထားသော မေတ္တာရေကြည် အခမဲ့ ကုသိုလ်ဖြစ် ဆေးခန်းတွင် နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာလ ၅ ရက်နေ့ အထိ ခြောက်ရက်တိုင် ကျင်းပမည့် ငြိမ်းချမ်းရေး အထိမ်းအမှတ် အထူးဆေးကုပွဲသို့ အစ္စလာမ်ဘာသာဝင်များ လာရောက်ကုသကြောင်း နာယက ဆရာတော် ဦးသဇ္ဇနက မိန့်ကြားသည်။

ငြိမ်းချမ်းရေး အထိမ်းအမှတ် အထူးဆေးကုပွဲ ပထမနေ့ဖွင့်ပွဲ၌ လာရောက် ကုသသော လူနာ ၁၉၈ ဦးတွင် အစ္စလာမ် ဘာသာဝင် ၄၀ ဦးပါဝင်ကြောင်း ဆေးကုသမှု မှတ်တမ်းများအရ သိရသည်။

မေတ္တာရေကြည် အခမဲ့ ကုသိုလ်ဖြစ် ဆေးခန်းကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး လူမျိုးဘာသာ မခွဲခြားဘဲ ကုသပေးခဲ့သော ကုသိုလ်ဖြစ်ဆေးခန်း တစ်ခု ဖြစ်ကြောင်း၊ ယခင်ကတည်းက မိတ္ထီလာ မြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်များ လာရောက်ကုသ ခဲ့ကြောင်း၊ ပဋိပက္ခ အပြီး၌ အစ္စလာမ် ဘာသာဝင်များ ဆေးခန်းသို့ မလာရဲကြသဖြင့် ဆေးခန်း၏ မူလ ရည်ရွယ်ချက်ကို ဆက်လက်ဆောင်ရွက်ရန် နိုဝင်ဘာ လလယ်မှ စတင်၍ လက်ကမ်းကြော်ငြာ များဖြင့် ဘာသာအားလုံးကို ဖိတ်ခေါ်ခဲ့ကြောင်း ဆရာတော် ဦးသဇ္ဇနက မိန့်ကြားသည်။

ဆေးခန်းကို တနင်္ဂနွေမှ ကြာသပတေး နေ့အထိ ဖွင့်လှစ်ထားပြီး သောကြာနေ့ တိုင်း Mobile Team အဖြစ် မိတ္ထီလာခရိုင် အတွင်းရှိ ကျေးရွာများသို့ သွားရောက် ကုသပေးကြောင်း၊ နေ့စဉ် နံနက် ၅း၃၀ မှ ၉း၀၀ နာရီအထိ လူနာစာရင်း လက်ခံ၍ ၉း၀၀ နာရီ မှစတင်ကာ လူနာအားလုံး ကုန်သည့် အချိန်အထိ ကုသပေးကြောင်း၊ ဆရာဝန် ၂၉ ဦး၊ အထူးကု ဆရာဝန်ကြီး ကိုးဦး စုစုပေါင်း ၃၈ ဦးက စေတနာ့ဝန်ထမ်း အဖြစ် အလှည့်ကျ ကုသပေးခြင်း ဖြစ်ကြောင်း၊ ဆေးခန်း၌ အသေးစား ခွဲစိတ်မှုအထိပင် လုပ်ဆောင်ပေးကြောင်း အလှည့်ကျ ဆရာဝန် ဒေါက်တာ မိုးဟိန်းက ရှင်းပြသည်။

"ဆေးခန်းရဲ့ ရည်ရွယ်ချက်အတိုင်း အခုလို ပြန်မြင်ရတော့ ဝမ်းသာပါတယ်။ နဂိုကတည်းက အားကိုးခဲ့ ပါတယ်။ ဒီလိုလုပ်တဲ့အတွက် ဝမ်းသာပါတယ်" ဟု အဆိုပါ ဆေးခန်းသို့ လာရောက်၍ ဆေးကုသသော အစ္စလာမ်ဘာသာဝင် တစ်ဦးက ဆိုသည်။

အဆိုပါ ဆေးခန်းကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်မှ စတင် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ အထိ ဘာသာပေါင်းစုံမှ လူနာ ၄၃,၂၀၃ ဦး ကို ကုသခဲ့ပြီး ဖြစ်ကြောင်း ဆေးကုသမှု မှတ်တမ်းများအရ သိရသည်။

အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/excellencemedia
2

Post a Comment

 
Top