ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး လုပ်ငန်းတွင် ပါဝင်သည့် တိုးချဲ့အဆောက်အအုံများ တည်ဆောက်ရာတွင် မလွတ်ကင်းသည့် အဆောက်အအုံဟောင်း သုံးလုံးအား ဖြိုဖျက်ရန် ရှိပါသဖြင့် မျက်မြင်အခြေအနေအတိုင်း အိတ်ဖွင့်လေလံ စနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ရောင်းချရာတွင် အဆောက်အအုံ သုံးလုံးစလုံး ၀ယ်ယူမည့်သူကို ဦးစားပေး ရောင်းချသွားမည် ဖြစ်ကြောင်းနှင့် လေလံပုံစံနှင့် စည်းကမ်းချက်များကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ၀ယ်ယူနိုင်ပြီး ဒီဇင်ဘာ ၁၃ ရက် နောက်ဆုံးထားပြီး အိတ်ဖွင့်လေလံ တင်သွင်းရန် လိုအပ်ကြောင်း သတင်းရရှိသည်။
နေပြည်တော်တွင် ဆောက်လုပ်ရန် စီစဉ်ထားသည့် ခုတင် ၅၀၀ ဆံ့ ဆေးရုံလေးရုံကို ဆိုင်းငံ့ထားပြီး ယင်းဆေးရုံများ ဆောက်လုပ်ရာတွင် ကုန်ကျမည့် ဘတ်ဂျက်ငွေများအနက် ကျပ်ငါးဘီလျံအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရာတွင် အသုံးပြုရန် လျာထားသည်ဟု ပြည်သူ့လွှတ်တော် ကျန်းမာရေးမြှင့်တင်မှု ကော်မတီမှ သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်မွမ်းမံမှု လုပ်ငန်းများ ပြုလုပ်နိုင်ရန်အတွက် ယခင်ကျန်းမာရေး ၀န်ကြီးဌာန မြေနေရာတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့လူနာဆောင်သစ် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
ယင်းတိုးချဲ့ဆောင် ပြီးစီးပါက မူလဆေးရုံဟောင်းမှ လူနာများ အားလုံးကို ရွှေ့ပြောင်းနေရာ ချထားပေးမည် ဖြစ်ကြောင်းနှင့် လူနာများ ရွှေ့ပြောင်းပြီးပါက မူလဆေးရုံဟောင်းမှ ပင်မဆေးကုသဆောင်များ အားလုံးကို ပြုပြင်မွမ်းမံမှု လုပ်ငန်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရန်အတွက် ဗြိတိန်မှ အကူအညီများ ပေးသွားမည်ဟု ဗြိတိန်ဝန်ကြီးချုပ် Mr.David Cameron နှင့် ဗြိတိန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန၊ ၀န်ကြီး Ms. Justine Greening တို့က အောက်တိုဘာ ၂၃ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ယင်းအဖွဲ့တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာရှင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။
ဗြိတိန်အနေဖြင့် အဆိုပါ အဆင့်မြှင့်တင်ရေး ကော်မတီမှ ဖွဲ့စည်းထားသည့် ဆေးရုံကြီး ပြန်လည်ပြင်ဆင် မွမ်းမံရေး အစီအစဉ်ကို သုံးသပ်အကဲဖြတ်ပေးမည့် အဖွဲ့တစ်ဖွဲ့ကို ပံ့ပိုးပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ယခင်လေဟာပြင် ဈေးနေရာ၌ ဆောက်လုပ်ခဲ့ရာ ၁၉၁၁ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ကျပ်သိန်း ၄၀ ကျော် ကုန်ကျခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ပထမဆုံး တည်ဆောက်ပြီးစီးခဲ့သည့် အားဖြည့်ကွန်ကရစ် စနစ်ဖြင့် တည်ဆောက်ထားသည့် အဆောက်အအုံဖြစ်ကြောင်း၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသည် ခုတင် ၁၅၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး ဖြစ်သော်လည်း လက်ရှိတွင် ခုတင် ၁၃၅၀ သာ အသုံးပြုလျက်ရှိကြောင်း၊ ဆေးရုံကြီးတွင် အထူးပြု ဘာသာရပ်ဆိုင်ရာ ဌာန ၂၇ ခု၊ အရေးပေါ် လူနာလက်ခံဌာန ခုနစ်ခုရှိကြောင်း သိရသည်။
ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ၀င်းအတွင်းရှိ အဆောက်အအုံ တစ်လုံးအား နိုဝင်ဘာ နောက်ဆုံးပတ် အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
အေးချမ်းမွန် Credit To >Eleven Media Group
Thank https://www.facebook.com/excellencemedia
Post a Comment