0


    Written by နီမင်းဆွေ

    ယဉ်ကျေးမှုကို ရှင်သန်စေချင်တယ်ဆိုရင် လူမှုဆက်ဆံရေး ပညာကို တိုးတက်အောင် စနစ်တကျပြုစု ပျိုးထောင်ရမယ်။ လူတိုင်းကို အသိဉာဏ် ထက်သန်လာအောင် လုပ်ပေးရမယ်။ ဒါမှသာ ငြိမ်းချမ်းမှုကို ပိုင်ဆိုင်နိုင်မယ်ဆိုတဲ့ အယူအဆ ကမ္ဘာပေါ်မှာ ရှိခဲ့တာ ကြာပါပြီ။ လူဟာယဉ်ကျေးရင် ကိုယ်ချင်းစာနာ တတ်လာပါတယ်။ ကိုယ်ချင်းစာတတ်လာရင် လူလူချင်း တစ်ယောက်အပေါ် တစ်ယောက် နားလည်မှုရှိဖို့ ဘာမှမခက်တော့ပါဘူး။ ဒါဆိုရင် နိုင်ငံဖွံ့ဖြိုး တိုးတက်ပြီး အေးချမ်းသာယာဖို့ ဆိုတာလည်း ဘာမှမခက်တော့ပါဘူး။ ဒါ့ကြောင့် နိုင်ငံတကာမှာရှိတဲ့ လူတွေအနေနဲ့ သူတို့နိုင်ငံဟာ ယဉ်ကျေးမှု အစဉ်အလာ ကြီးမားပြီး အခုလည်း အင်မတန်မှ ယဉ်ကျေးတဲ့ လူမျိုးတွေနေထိုင် နေကြတာ ဖြစ်တယ်လို့ ဂုဏ်ယူချင်စိတ် ရှိနေကြတာ ဖြစ်တယ်။

    နိုင်ငံတကာက တချို့နိုင်ငံသားတွေ အနေနဲ့ ကိုယ့်နိုင်ငံကလူတွေ ပညာတတ်တာ၊ နည်းပညာ ကြွယ်ဝတာ၊ နိုင်ငံချမ်းသာတာ ဒါမှမဟုတ်ရင်လည်း အားကစားတစ်ခုခုမှာ ထူးချွန်တာနဲ့ ပတ်သက်ပြီး ဂုဏ်ယူလိုစိတ် ရှိကြမှာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ အဲဒီလိုကိစ္စတွေ အတွက် အောင်မြင်ကျော်ကြား ရတာကို သိပ်ပြီးဂုဏ်ရှိ လှတယ်လို့ ဒီကနေ့မှာ နိုင်ငံတကာကလူတွေ မထင်ကြတော့ပါဘူး။ ကိုယ့်လူမျိုး ယဉ်ကျေးတယ် ဆိုတာကိုပဲ ဂုဏ်ယူချင်ကြ တော့တာပါ။ ဒါ့ကြောင့် 'မင်းတို့ဟာ မယဉ်ကျေးဘူး။ အရိုင်းအစိုင်းတွေပဲ' အင်္ဂလိပ်လို ဆိုရင်တော့ 'မင်းတို့ဟာ ဘာဘေးရီးယန်း (Barbarian)တွေပဲ' လို့ အပြောခံလိုက် ရပြီဆိုရင် သေမတတ် နာကြပါတယ်။ နိုင်ငံသား တစ်ယောက်အနေနဲ့ ကိုယ်နေနေတဲ့ နိုင်ငံအတွက် ဂုဏ်ယူရတဲ့ အချိန်အခါမျိုး ရှိသလို ကိုယ့်နိုင်ငံရဲ့ ဖြစ်ရပ်တစ်ခုခုကြောင့် ဘာဘေးရီးယန်းတွေ အထင်သေး ခံရသလို အထင်သေးခံရပြီး အရှက်ရကြရတဲ့ အဖြစ်မျိုးတွေလည်း တစ်ခါတစ်ရံမှာ တွေ့ရကြုံရ တတ်ကြတာပါပဲ။ ဗြိတိန်နိုင်ငံရဲ့ တစ်ဦးတည်းသော အမျိုးသမီး ၀န်ကြီးချုပ် မာဂရက်သက်ချာရဲ့ ၀န်ကြီးချုပ်သက်တမ်း သုံးဆက်ကာလအတွင်း ဘောလုံးပွဲမှာ သေကျေအနာတရဖြစ်တာ သုံးကြိမ်သုံးခါ ရှိခဲ့ပါတယ်။ အဲဒီအထဲက ၂၉-၅-၈၅ ရက်မှာ ဖြစ်ခဲ့တဲ့ ဒုတိယ အကြိမ်ကတော့ 'ဟေဆယ်လ်' (Heysel Stadium Disaster) ဘောလုံးပွဲ အဖြစ်ဆိုးကြီးပဲ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့က ဟေဆယ်လ် ဘောလုံးပွဲရုံမှာ လီဗာပူးလ် (Liverpool) အင်္ဂလိပ် ပရိသတ်တွေက (Juventus) 'ယူဗင်းတာ့စ်' အီတလီ ပရိသတ်တွေကို တိုက်ခိုက်တဲ့အတွက် 'ယူဗင်းတာ့စ်' ပရိသတ်တွေ ထွက်ပြေးကြရပြီး အုတ်နံရံကို ကျော်မတက်နိုင်ခင် အရိုက်ခံရတာရော လူအနင်းခံရတာရောကြောင့် 'ယူဗင်းတာ့စ်' ပွဲကြည့်ပရိသတ် ၃၉ ယောက် သေဆုံးပြီး လူ ၆၀၀ ဒဏ်ရာအနာတရ ဖြစ်ခဲ့ကြရပါတယ်။ ဘောလုံးပွဲမှာ 'ယူဗင်းတာ့စ်' ပွဲကြည့် ပရိသတ်တွေ ထွက်ပြေးပြီး အရိုက်ခံ၊ တက်အနင်းခံပြီး သေကျေအနာတရ ဖြစ်နေကြတာတွေကို ဘောလုံးပွဲသတင်း တိုက်ရိုက်ထုတ်လွှင့် အစီရင်ခံသူက မှန်လုံခန်းထဲက ကြည့်ပြီး အသေးစိတ် ကြေညာပေးနေတာကို တစ်ကမ္ဘာလုံးကလူတွေ ရေဒီယိုထဲကတစ်ဆင့် အတိုင်းသား ကြားနေခဲ့ကြရတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်တစ်နေ့ ဘီဘီစီက ကြေညာတဲ့ သတင်းထဲမှာ ၀န်ကြီးချုပ် မာဂရက်သက်ချာ ပြောသွားခဲ့တဲ့ စကားတစ်ခွန်းကတော့ ကမ္ဘာသူ ကမ္ဘာသားတွေ အတွက် ယနေ့ထက်တိုင် မမေ့နိုင်စရာပါဘဲ။ အဲဒါကတော့ ‘ဗြိတိသျှ လူမျိုးတစ်ယောက် ဖြစ်ရတဲ့အတွက် ပထမဆုံး အကြိမ်အဖြစ် ကျွန်မရှက်မိပါတယ်’ လို့ပဲ ဖြစ်ပါတယ်။

    ငယ်ငယ်တုန်းက ကျောင်းသင်ခန်းစာထဲမှာ သင်ခဲ့ရတာတွေကို ပြန်အမှတ်ရမိပါတယ်။ အင်္ဂလန်နဲ့ ပြင်သစ်နှစ်နိုင်ငံ ပေါင်းမှ အကျယ်အ၀န်းက ကိုယ့်နိုင်ငံထက် မဆိုစလောက်ကလေး ပိုကြီးတာတို့၊ ဒီလောက်သေးငယ်တဲ့ ဗြိတိန်ဆိုတဲ့ နိုင်ငံလေးက ကိုလိုနီ နယ်မြေတွေကို တစ်ကမ္ဘာလုံး နေရာအနှံ့ ချဲ့ထွင်ပြီး နေမ၀င် အင်ပါယာကြီး ထူထောင်နိုင်ခဲ့တာတို့၊ စည်းကမ်းကြီးပြီး စနစ်ကျတဲ့ နေရာမှာ ဗြိတိသျှလူမျိုးကို တော်ရုံတန်ရုံ လူမျိုးတွေက လိုက်မမီနိုင်တာတို့ ဖြစ်ပါတယ်။ အခုတော့ ဒါတွေအတွက် မာဂရက်သက်ချာ ဂုဏ်မယူနိုင်ရှာ တော့ပါဘူး။ ဘောလုံးပွဲမှာ ဒီလောက်ထိ စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့ဖြစ်ခဲ့ ရပြီးတဲ့နောက် အဲဒီနေမ၀င် အင်ပါယာတွေ ဘာတွေဟာလည်း ဘာမှသုံးစားလို့ မရတော့တဲ့အရာ၊ ဂုဏ်ယူချင်စရာ မကောင်းတဲ့ အရာတွေ ဖြစ်ခဲ့ရပြီလို့ ၀န်ကြီးချုပ် မာဂရက်သက်ချာ ထင်မြင်ယူဆ သွားခဲ့ပုံပါပဲ။

    ယဉ်ကျေးမှုဆိုတဲ့ အရာဟာ ရှေးယခင်တုန်းကတော့ တော်တော် အသုံးမကျတဲ့ အရာ၊ ကိုယ့်မှာမရှိရင်တောင် ကောင်းတဲ့အရာလို့ လူတွေထင်မြင် ယူဆမယ်ဆိုရင် ယူဆချင်စရာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ရှေးယခင်တုန်းက ယဉ်ကျေးတဲ့လူတွေ၊ အသိဉာဏ် ထက်မြက်တဲ့လူတွေ၊ အနုပညာကို တန်ဖိုးထား မြတ်နိုးတတ်တဲ့ လူတွေဟာ ဓားခုတ်၊ လှံထိုး၊ မြင်းစီး ကျွမ်းကျင်ပြီး လေးမြားအတတ်ကို တစ်ဖက်ကမ်းခပ်အောင် တတ်မြောက်သူတွေရဲ့ မြင်းခွာတွေအောက်မှာ လိမ့်နေအောင် ခံခဲ့ကြရလို့ပါပဲ။ ရာစုနှစ်ပေါင်း များစွာကြာမှသာ အခြေအနေဟာ ပြောင်းပြန် ပြန်ဖြစ်သွားခဲ့တာပါ။ တရုတ်ပြည်က မဟာရံတံတိုင်း (Great Wall) ကြီးဆီကို ပေကျင်းကနေ ကားနဲ့စီးပြီး သွားမယ်ဆိုရင် တံတိုင်းကြီးနား ရောက်ခါနီးလေလေ တရုတ်လူမျိုးတွေရဲ့ နေအိမ်ဝင်းခြံတွေကို ကာထားတဲ့ အုတ်တံတိုင်းကြီးတွေဟာ ပိုပိုပြီးမြင့်လာလေလေ ဆိုတာကို တွေ့မြင်ကြရပါတယ်။ ဒါဟာ မြင်းစီး၊ ဓားခုတ်တော်တဲ့ မွန်ဂိုတွေကို တရုတ်တွေက နှစ်ထောင်ချီပြီး ဘယ်လောက်ထိ ကြောက်ခဲ့ကြရသလဲ ဆိုတာကို သက်သေပြနေတာပါပဲ။ အခုတော့ ဒီကနေ့ တရုတ်ပြည်နဲ့ မွန်ဂိုလီးယားရဲ့ အခြေအနေတွေဟာ ပြောင်းပြန်ဖြစ်သွား ခဲ့ရပါပြီ။

    ဒါ့ကြောင့်သာ အခုခေတ်လူတွေဟာ ဓားခုတ်၊ မြားပစ်၊ မြင်းစီး အတတ်ပညာတွေ တတ်ကျွမ်းတာထက် အသိဉာဏ် ထက်မြက်တယ်။ နည်းပညာ ကျွမ်းကျင်တယ်။ ယဉ်ကျေးတယ် ဆိုတာတွေကိုသာ ပိုပြီးတန်ဖိုးထား ဂုဏ်ယူချင်ကြတော့တာ ဖြစ်ပါတယ်။

    ကိုယ်တို့ နိုင်ငံသားတွေဟာလည်း မြင်းစီးကျွမ်းကျင်တဲ့ လူတွေလို့ တစ်ချိန်တုန်းက နိုင်ငံတကာကလူတွေ ထင်မြင်ခဲ့တာကို ခံခဲ့ကြရ ဖူးပါတယ်။ အဲဒီလို အထင်ခံခဲ့ရတဲ့ ဘ၀က လွတ်မြောက်ပါစေလို့ ဆုတောင်းနေတဲ့ ကြားထဲကပဲ မြန်မာဘောလုံးသမား တစ်ယောက်ဟာ နိုင်ငံခြားသွားကန်တဲ့ ဘောလုံးပွဲ တစ်ပွဲမှာ ဒိုင်လူကြီးနဲ့ ပရိသတ်ကို မကျေနပ်တာနဲ့ ပရိသတ်ကို မဖွယ်မရာ လုပ်ပြခဲ့ပါတယ်။

    ကိုယ်တို့နိုင်ငံဟာ အိမ်ကွင်းနဲ့ အဝေးကွင်းကို တစ်ပြိုင်တည်း ကန်ရမယ့် အချိန်တွေ နီးကပ်လို့ လာနေပါပြီ။ ရှေ့နှစ်ဆန်းကစပြီး အာဆီယံဥက္ကဋ္ဌ ရာထူးတာဝန်ကို ထမ်းဆောင်ရပါတော့မယ်။ ၂၀၁၄ ကုန်သွားရင် ကိုယ့်နိုင်ငံဟာ အပြောခံရနိုင်စရာ အချက်နှစ်ချက်ပဲ ရှိပါတယ်။ ပထမအချက်ကတော့ မြန်မာတွေက တို့ထင်ထားသလို မဟုတ်ပါလား။ လူတွေက တော်တော်ယဉ်ကျေး ကြပါလား။ စိတ်ရင်းစေတနာတွေလည်း အတော်ကောင်းကြပါလား။ ပင်ကိုအရည်အချင်းတွေလည်း ထက်မြက်ကြပြီး အာဆီယံဥက္ကဋ္ဌရာထူး တာဝန်လောက်ကို အသာလေး ထမ်းဆောင်သွားနိုင် ပါလားဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

    အိမ်ကွင်းကို ကန်နေတဲ့ အချိန်မှာ မကြာသေးမီကမှ ဖြစ်သွားခဲ့ရတဲ့ ဖြစ်ရပ်အပေါ် တစ်ကမ္ဘာလုံးက ဒီလူမျိုးတွေဟာ အခုအချိန်အထိ မယဉ်ကျေး နိုင်ကြသေးပါလားလို့ မှတ်ချက်ပြုတာကို ခံကြရပါလိမ့်မယ်။ ဒါဆိုရင် အိမ်ကွင်းကို ကန်နေတဲ့ အချိန်မှာပဲ ကိုယ်တို့လူမျိုးတွေ အဝေးကွင်းကိုပါ မကန်ရသေးမီမှာဘဲ ရှုံးသွားကြရမယ့် သဘောပါ။ ဒါကတော့ ဒုတိယ အပြောခံရနိုင်တဲ့ နည်းပါပဲ။

    ဒီနေရာမှာ ဘကြီးပြောခဲ့တဲ့ ပုံပြင်လေးကို တစ်ခါပြန်ပြောပြ ချင်ပါသေးတယ်။ အဲဒါကတော့ ဂျပန်ခေတ်တုန်းက ရွာမှာလူတစ်ယောက် ပျောက်နေပါတယ်။ အဲဒီမှာ တောတကာ တောင်တကာ လျှောက်သွားနေလေ့ရှိတဲ့ ရွာကစိတ်မနှံ့သူ တစ်ဦးရဲ့ ပါးစပ်က 'ထောင်တဲ့လူကလည်း ထောင်၊ တိုးတဲ့လူကလည်း တိုးသကွာ' လို့ ဗျစ်တောက် ဗျစ်တောက်နဲ့ ပြောနေသံကို ရွာကလူတွေ သတိထားလိုက် မိကြပါတယ်။ ဒါ့ကြောင့် တိုးတဲ့လူကို ဘယ်နားမှာ တွေ့ခဲ့တာတုန်းလို့ စိတ်မနှံ့သူကို ချော့ပြီးမေးကြည့် ကြပါတယ်။ အဲဒီအခါကျမှ အဲဒီစိတ်မနှံ့သူက ရွာသားတွေကို တောထဲက တစ်နေရာ ခေါ်သွားပြီးပြလို့ ပျောက်နေတဲ့ရွာသား သစ်ပင်တစ်ပင်မှာ ဆွဲကြိုးချ သေနေတာကို တွေ့ကြရတော့တာ ဖြစ်ပါတယ်။

    ယဉ်ကျေးမှုဆိုတာ သူများသတ်လို့ သေရတယ်လို့ ဘယ်သမိုင်းမှာမှ မရှိခဲ့ဖူးပါဘူး။ ယဉ်ကျေးမှု သေတယ်ဆိုတာ အရူးပြောသလို သူများထောင်ထားတဲ့ ကြိုးကွင်းထဲ ကိုယ်ဝင်တိုးလို့ သေရတာမျိုးပဲ ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် တကယ်သတ်ချင် လွန်းမက သတ်ချင်မှ သေတာပါ။ ကိုယ့်ယဉ်ကျေးမှုကို ဖျက်ဆီးပစ်တာဟာ တခြားဘယ်သူမှ မဟုတ်ဘူး။ ကိုယ့်လူမျိုးပါပဲ။ ဘယ်သူဖျက်လို့ ကိုယ့်ယဉ်ကျေးမှု ပျက်စီးသွားရတာပါလို့ သွားပြောရင် အဲဒီပြောတဲ့လူကို လူအများက အရူးလို့ ထင်ကြမှာပါ။

    ဒီခေတ်ကြီးမှာ ခေတ်သစ် အဇာတသတ်ရဲ့ အမျိုးအနွယ် တွေကတော့ ကိုယ့်နိုင်ငံရဲ့ လည်ပင်းကို ကြိုးကွင်းစွပ်မိ သွားအောင် ဆက်လက် လုပ်ဆောင်နေကြ ဦးမှာပါပဲ။ အသိဉာဏ် နည်းတဲ့လူတွေကို တရားဥပဒေမဲ့ပြီး အရိုင်းအစိုင်းဆန်တဲ့ အလုပ်တွေကို လုပ်ချင်အောင် လှုံ့ဆော်ပေးတဲ့ အလုပ်မျိုးတွေ၊ အများပြည်သူတွေ သာမက နိုင်ငံခြားသား တွေကိုပါ အထိတ်တလန့် ဖြစ်အောင်လုပ်တဲ့ အလုပ်မျိုးတွေဟာ သူတို့ရဲ့ သည်းခြေကြိုက် လုပ်ငန်းတွေပါပဲ။ အသိဥာဏ် ထက်မြက်တဲ့ ပြည်သူတွေဟာ ဒီကြိုးကွင်းထဲ ၀င်မတိုးမိအောင် သတိထားကြရမှာပါ။ ဒါပေမဲ့ အဲဒီလို သတိထားနေရုံနဲ့လည်း မပြီးသေးပါဘူး။ အသိဉာဏ်နဲ့ ညီညွတ်မှုကို ပေါင်းစပ်ပြီး အဇာတသတ် စီးတဲ့မြင်းရဲ့ ခြေထောက်တွေကို ၀ိုင်းပြီးရိုက်ချိုးနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

    ဘာပဲပြောနေပြောနေ လာမယ့်နှစ်မှာ အိမ်ကွင်းမှာရော အဝေးကွင်းမှာပါ တစ်ခါတည်း နိုင်ချင်ပါတယ်။ ဒါ့ကြောင့် မကြာသေးမီကမှ အရှက်ရစရာ ဖြစ်ခဲ့ရတဲ့ အဖြစ်တွေနဲ့ ပတ်သက်ပြီး နောက်ဆုံးအကြိမ် အဖြစ်နဲ့ ရှက်ခဲ့ရတဲ့ အဖြစ်တွေပဲ ဖြစ်ပါစေလို့ ဘုရားမှာ ဆုတောင်းလိုက်ရ ပါတော့တယ်။

အေးချမ်းမွန် Credit To > Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top