Created on Sunday, 24 November 2013 01:13
တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုဖြစ်သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ထိပ်ပိုင်းခေါင်းဆောင် သုံးဦးနှင့် အဖွဲ့ဝင် နှစ်ဦးပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာ ၂၃ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးမှတစ်ဆင့် လေ့လာရေးခရီး ရောက်ရှိလာခဲ့သည်။
အဆိုပါ ကိုယ်စားလှယ် အဖွဲ့တွင် UNFC ၏ ဒုတိယဥက္ကဋ္ဌ-၁ အေဘယ်တွိဒ်၊ ဒုတိယ ဥက္ကဋ္ဌ-၂ ပဒိုဒေးဗစ်သာကပေါ၊ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာနှင့် အခြားကိုယ်စားလှယ် အဖွဲ့ဝင်နှစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။
ယခု ခရီးစဉ်သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း၏ ဖိတ်ကြားချက်နှင့် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း၏ စီစဉ်မှု အနေဖြင့် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။
"လာလည်ပါ။ လာကြည့်ပါ။ Seeing is Believing။ အခြေအနေ ဘယ်လောက်တိုးတက် ပြောင်းလဲသလဲ။ ရန်ကုန်မှာ အခြေအနေကို ကိုယ်တိုင်လာကြည့်ပါ။ ဖိတ်လို့လာတာ။ ကျွန်တော်တို့ အထူးသဖြင့် အစီအစဉ်ကတော့ Peace Center ပေါ့လေ။ ၀န်ကြီးဦးအောင်မင်းပဲ တွေ့ဖို့ရှိတယ်။ ဆွေးနွေးဖို့တော့ မရှိသေးဘူး" ဟု UNFC ၏ ဒုတိယဥက္ကဋ္ဌ-၁ အေဘယ်တွိဒ်က ရန်ကုန်လေဆိပ်၌ ခရီးစဉ် လာရခြင်း ရည်ရွက်ချက်အား မီဒီယာများသို့ ပြောကြားသည်။
"နိုင်ငံရေး ဆွေးနွေးဖို့၊ နိုင်ငံရေး ဆုံးဖြတ်ချက်တွေချဖို့ မဟုတ်ပါဘူး။ လေ့လာရေး ခရီးအနေနဲ့ သွားတာပါ" ဟု UNFC ၏ တွဲဖက်အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းတွင် The Daily Eleven သို့ပြောကြားသည်။
ထို့အပြင် ယခုရောက်ရှိလာသော UNFC ခေါင်းဆောင်များသည် နိုဝင်ဘာ ၂၄ ရက် (ယနေ့) နံနက်ပိုင်းတွင် မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
UNFC ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာ ၂၆ ရက်တွင် ထိုင်းနိုင်ငံသို့ပြန်ရန် စီစဉ်ထားကြောင်း သိရသည်။ ထိုအဖွဲ့သည် ယခုလဆန်းပိုင်းက မြစ်ကြီးနား၌ ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အဆိုပါ မြစ်ကြီးနား ခရီးစဉ်မှာ အဖွဲ့အနေဖြင့် ပြည်တွင်းသို့ ပထမဆုံး လာရောက်ခဲ့ခြင်း ဖြစ်သည်။ UNFC ကိုယ်စားလှယ် အဖွဲ့နှင့် ပြည်တွင်းနိုင်ငံရေး ပါတီများသည် နိုဝင်ဘာ ၂၂ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းကလည်း ကေအိုင်အေ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ရန်ကုန်မြို့သို့ လာရောက်ခဲ့ပြီး ၄င်းခရီးစဉ်သည် ကေအိုင်အေ စစ်ခေါင်းဆောင် တစ်ဦး၏ ပထမဆုံး ပြည်တွင်းခရီး ဖြစ်ခဲ့ပြီး ခရီးစဉ်အတွင်း သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည့်နည်းတူ ရန်ကုန်ရှိ ကချင်တိုင်းရင်းသား များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment