0

Tuesday, November 19, 2013

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးဆဲ ဒေသများသည် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် အလှမ်းကွာလျှက် ရှိကြောင်း ၊ အဆိုပါ အရပ် ဒေသများကို မိုဘိုင်းဖုန်းကွန်ရက် ဖြန့်ကြက်၍ မိုဘိုင်းဖုန်း ငွေကြေးစနစ်ကို အကောင် အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Ooredoo ကုမ္ပဏီက ထုတ်ပြန် ကြေညာခဲ့သည်။

ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီသည် အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကတိုက်နှင့် အရှေ့တောင် အာရှဒေသများတွင် ဆက်သွယ်ရေး လုပ်ငန်းများကို လုပ် ကိုင် ဆောင်ရွက်နေခြင်း ဖြစ်ပြီး လူဦးရေ ၁ သန်းခန့် ကို မိုဘိုင်းဖုန်း ငွေကြေးစနစ် ဝန်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဘဏ်စာရင်း မရှိသူများ၊ အခြားသော ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုနှင့် ကျွမ်းဝင်မှု မရှိသူများသည် မိုဘိုင်းဖုန်း ငွေကြေး စနစ်ကို အသုံးပြုကြခြင်း ဖြစ်ပြီး တန်ဖိုး နည်း ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု အားလုံးကို မိုဘိုင်းဖုန်း ငွေကြေးစနစ် မှ လုပ်ကိုင် ဆောင်ရွက်ပေးခြင်း ဖြစ်သည်။

မိုဘိုင်းဖုန်း ငွေကြေးစနစ်ကို အသုံးပြုနိုင်ခဲ့ပါက ငွေတောင်းခံလွှာများကို ပေးချေနိုင်ခြင်း၊ လစာငွေများကို လက်ခံနိုင်ခြင်း၊ ဈေး ဝယ်စင်တာများတွင် ငွေချေနိုင်ခြင်း၊ ပြည် တွင်းပြည်ပသို့ ငွေလွှဲပြောင်းနိုင်ခြင်း၊ မိုဘိုင်း ဖုန်းများ အချင်းချင်း ငွေဖြည့်သွင်းပေးနိုင်ခြင်းနှင့် အခြားသော ငွေကြေးဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်နိုင် မည် ဖြစ်သည်။

Oooredoo သည် နိုင်ငံပေါင်း ၁၉၇ နိုင်ငံကို မိုဘိုင်းဖုန်းမှ တစ်ဆင့် ငွေကြေး လွှဲပြောင်းနိုင်ရန် ချိတ်ဆက် ထား သည် ဟု ထုတ်ပြန်ထားပြီး မိုဘိုင်းဖုန်း ငွေကြေးဝန်ဆောင် မှုဖြင့် အသေးစားငွေချေးမှု လုပ်ငန်းများကိုပါ လုပ် ကိုင် ဆောင်ရွက်နိုင်ဟု ဆိုသည်။

Ooredoo သည်မြန်မာနိုင်ငံ၌ အသံစနစ်ကိုသာ အသုံးပြုနိုင်သည့် ဒေသများကို အချက်အလက် စနစ် အသုံးပြု နိုင်စေရန် လုပ်ကိုင်မည်ဟု ကတိပေး ပြောဆိုထားပြီး မိုဘိုင်းဖုန်းကို အသုံးပြု၍ ကျန်းမာရေး ဝန်ဆောင်မှုများ၊ စိုက်ပျိုးရေး ဝန်ဆောင်မှုများကိုလည်း လုပ်ကိုင်ပေးသွားမည် ဟု ပြောဆိုထားသည်။

လက်ရှိ အချိန်၌ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ချိတ်ဆက်၍ မိုဘိုင်းဖုန်း ဘီလ်မှ တစ်ဆင့် ငွေပေး ချေနိုင် သည့် ဝန်ဆောင်မှုများကို စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် စတင် လုပ်ကိုင်လာခဲ့ပြီး ဘဏ်များ အနေဖြင့် Mobile Banking စနစ်ကို လုပ်ကိုင် ဆောင်ရွက်သွားရန် ဗဟိုဘဏ်၏ ခွင့်ပြုချက်ကို စောင့်ဆိုင်း နေကြောင်း သိရသည်။

မြင့်ကျော်လှိုင်

အေးချမ်းမွန် Credit To >Internet Journal https://www.facebook.com/excellencemedia

Post a Comment

 
Top