0

ဂျာမနီအခြေစိုက် ကမ္ဘာ့ထိပ်တန်း Mercedes-Benz ကားကုမ္ပဏီ၏ ကားအရောင်းပြခန်း (Phase 1) ကို ရန်ကုန်မြို့ ပြည်လမ်း၌ နိုဝင်ဘာ ၂၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း Cycle & Carriage Automobile Myanmar Co.,Ltd နှင့် Automobile Allia-nce Co.,Ltd မှ သိရသည်။

Automobile Alliance Co.,Ltd မှ Managing Director ဦးအောင်မိုးကျော်က "၂၀၀၃ ခုနှစ် ဇူလိုင်လက ကျွန်တော်တို့ ကုမ္ပဏီက ပထမဆုံးအနေနဲ့ တရားဝင် မြန်မာနိုင်ငံသို့ တိုက်ရိုက် Mercedes-Benz E-Class ကို စတင် တင်သွင်း မိတ်ဆက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီနေ့မှာ နိုင်ငံတကာအဆင့်မီ အရောင်းပြခန်းနှင့် ၀န်ဆောင်မှုများကို မြန်မာနိုင်ငံရှိ Mercedes ချစ်ခင်အားပေးသူများအတွက် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါတယ်" ဟု ပြောကြားသည်။

ယခုဖွင့်လှစ်သော Mercedes-Benz ကားကုမ္ပဏီ၏ ကားအရောင်းပြခန်းကို အမှတ် (၅၁)၊ ပြည်လမ်း၊ ကုန်းမြင့်သာအနီးတွင် ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး အဆိုပါကားကုမ္ပဏီ၏ Original Spare Parts နှင့် အထွေထွေဝန်ဆောင်မှု စင်တာကို ဇူလိုင်၂၆ ရက်တွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ Satellite Workshop တွင် ဖွင့်လှစ်ထားကြောင်း၊ လာမည့်နှစ် အစောပိုင်းတွင် Mercedes-Benz ၏ Main Showromm ကို အမှတ် (၅၁)၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်နှင့် Car Workshop ကို အမှတ် (၄/၅/၁၅/၁၆)၊ ရွာမကျောင်းလမ်း၊ လှိုင်မြို့နယ်တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရောင်းချမည့် Mer-cedes-Benz ကားများသည် Daimler AG နှင့် Jardine Cycle and Carriage Ltd တို့ ပူးပေါင်း၍ ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံသို့ တိုက်ရိုက် တင်သွင်းမည့်အပြင် ဂျာမနီမှ နည်းပညာရှင်များ၏ ၀န်ဆောင်မှုကိုလည်း ပေးသွားမည်ဖြစ်ကြောင်း Jardine Cycle and Carriage Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဝန်ဆောင်မှုနှင့် ပတ်သက်၍ ဂျာမနီနိုင်ငံမှ တိုက်ရိုက်တင်သွင်းလာသော Mer-cedes-Benz ကားများကို ဦးစားပေးဝန်ဆောင်မှု ပေးမည်ဖြစ်သည်။ မြန်မာနိုင်ငံသို့ တစ်ဆင့်ခံ နိုင်ငံများမှ တင်သွင်းလာသော Mercedes -Benz ကားများမှာ ကုမ္ပဏီသို့ အာမခံကြေး ပေးသွင်းရမည်ဖြစ်ပြီး ကုမ္ပဏီမှ အာမခံချက်ရရှိပါက Mercedes-Benz ကားကုမ္ပဏီ၏ Original Spare Parts နှင့် အထွေထွေဝန်ဆောင်မှုကို ပေးမည်ဖြစ်သည်။

Mercedes-Benz ကားကုမ္ပဏီသည် ကမ္ဘာပေါ်တွင် ပထမဆုံး ဓာတ်ဆီသုံး မော်တော်ယာဉ်ကို ၁၈၈၆ ခုနှစ်တွင် စတင်တီထွင်ခဲ့ပြီး Mercedes ကားများကို ၁၉၀၁ ပြည့်နှစ်တွင် ဈေးကွက်သို့ စတင်မိတ်ဆက်ပေးခဲ့သည်။ Mercedes-Benz အမှတ်တံဆိပ်သည် ၁၉၂၆ ခုနှစ်တွင် စတင်လူသိများလာခဲ့ပြီး လက်ရှိတွင် ကမ္ဘာ့လူသိများသော မော်တော်ယာဉ် အမှတ်တံဆိပ်အဖြစ် ရပ်တည်လျှက်ရှိသည်။

(ရန်ကုန်မြို့ ပြည်လမ်းရှိ Mercedes-Benz ကားကုမ္ပဏီ၏ အရောင်းပြခန်း(Phase 1)ကို တွေ့ရစဉ်)

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia
1

Post a Comment

 
Top