0


မြစ်ကြီးနား၊ နိုဝင်ဘာ ၎

လိုင်ဇာတွင် ပြုလုပ်ခဲ့သော နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို အပြီးသတ် ဆုံးဖြတ်ချက် ရယူရန် ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ညီလာခံကို ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ် နယ်မြေတွင် ကျင်းပသွားမည် ဖြစ်ကြောင်း KNU အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

လိုင်ဇာ ညီလာခံတွင် ချမှတ်ခဲ့သော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးမူကို တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့ကို ကိုယ်စားပြု ဖွဲ့စည်းထားသည့် Nationwide Ceasefire Coordinating Team (NCCT) နှင့် အစိုးရတို့ ညှိနှိုင်းပြီးပါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အဆုံးအဖြတ်ကို ရယူရန် လိုအပ်သဖြင့် ယင်းထိပ်သီး အစည်းအဝေးကို ကျင်းပရန် စီစဉ်ခြင်း ဖြစ်ကြောင်း၊ အချိန်နှင့်နေရာ အတိအကျကိုမူ မပြောနိုင်သေးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
“နေရာက KNU နယ်မြေ အတွင်းမှာပဲ။ ဘားအံမြို့ရယ်လို့တော့ မဆုံးဖြတ်ရသေးဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ ညီလာခံသို့ အစိုးရကို ဖိတ်ကြားသွားမည် မဟုတ်ဘဲ လိုင်ဇာ ညီလာခံနည်းတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့်သာ သီးသန့် ကျင်းပမည် ဖြစ်ကြောင်း ဖဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးအစည်းအဝေးကို KNU ကအိမ်ရှင်အဖြစ် ကျင်းပမည်ဆိုပါက အစိုးရက ကူညီသွားမည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ ဦးအောင်နိုင်ဦးက ပြောကြားသည်။

လက်နက်ကိုင်ထိပ်သီး ဒုတိယအကြိမ် ညီလာခံကို KNU က အိမ်ရှင်အဖြစ် ကျင်းပရာတွင် လိုင်ဇာညီလာခံသို့ မတက်ရောက်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှစ်ခု ပါဝင် တက်ရောက်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း CNF အဓိပတိ ကောင်စီဝင် ဒေါက်တာဆလိုင်းလျန်မုန်းက ထုတ်ဖော် ပြောဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ပထမအကြိမ် သမိုင်းဝင် ညီလာခံကို ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် တိုင်းရင်းသား လက်နက်ကိုင် ၁၈ ဖွဲ့ဖြင့် အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ ကျင်းပခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် သဘောထား တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့သည်။

ယင်းညီလာခံသို့ ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) နှင့် မိုင်းလား တပ်ဖွဲ့တို့ တက်ရောက်ခဲ့ခြင်း မရှိပေ။

အေးချမ်းမွန် Credit To >The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top