0

နေပြည်တော်၊ နိုဝင်ဘာ ၎

လျှပ်စစ်ဝန်ကြီးဌာနက လျှပ်စစ် မီတာခများ တက်ရန် ပြည်သူလူထုကို ကနဦး ရှင်းမပြဘဲ မီတာခ တိုးမြှင့်လိုက်ခြင်းသည် အာဏာရှင်စနစ်၏ အမွေဆိုး အရိပ်အငွေ့ မကုန်သေးကြောင်း အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အဆိုပါ အကြောင်းအရာကို နိုဝင်ဘာ ၄ ရက်နေ့ လွှတ်တော် အဆောက်အအုံ (၁၂) တွင် သတင်းမီဒီယာများနှင့် မိနစ် ၂၀ ခန့် တွေ့ဆုံစဉ် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ပြည်သူတွေက အတိုက်အခံ လုပ်နေတဲ့သူတွေပဲ မဟုတ်ပါဘူး။ အခြေအနေ ဖြစ်ပျက်နေတဲ့ဟာကို ရှင်းပြရင် နားလည်တဲ့ သူတွေပါ” ဟု ၎င်းကဆိုသည်။

လျှပ်စစ်မီးသည် အများပြည်သူ သုံးစွဲနေသည့်အရာ ဖြစ်သောကြောင့် တက်သင့်သည် အကြောင်းအရာ အချက်အလက်များကို ခိုင်ခိုင်လုံလုံ ရှင်းပြရမည် ဖြစ်ပြီး တိုင်းပြည် အနာဂတ်အတွက် ပြည်သူတွေ ကူညီ အနစ်နာ ခံပေးရမည် စသဖြင့် ရှင်းပြသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။
“ပြည်သူတွေကို တလေးတစားလုပ်ရင် ပြည်သူက အသိအမှတ် ပြုလိမ့်မယ်။ လုပ်ချင်တာ လုပ်ပြီးမှ လက်ခံလိုက် ဆိုတာမျိုးက မဖြစ်သင့်ဘူး” ဟု ၎င်းကဆိုသည်။

နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ကာ အိမ်သုံးမီတာ တစ်ယူနစ်လျှင် ယူနစ် ၁၀၀ အောက်အထိ သုံးစွဲပါက တစ်ယူနစ် ၂၅ ကျပ်၊ ယူနစ် ၁၀၀ အထက် သုံးစွဲပါက တစ်ယူနစ် ၃၅ ကျပ် ကောက်ခံနေရာမှ ယူနစ် ၁၀၀ အောက် ၃၅ ကျပ်၊ ယူနစ် ၁၀၀ အထက် ကျော်လွန်သည့် ပမာဏကို တစ်ယူနစ်လျှင် ကျပ် ၅၀ နှုန်းဖြင့် ကောက်ခံသွားမည် ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းသုံးအတွက် တစ်ယူနစ်လျှင် ၇၅ ကျပ် မှ ၁၀၀ ကျပ်ထိ တိုးမြှင့် ကောက်ခံမည် ဖြစ်ကြောင်း လျှစ်စစ်စွမ်းအား ဝန်ကြီးဌာနက အောက်တိုဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် စက်မှုလုပ်ငန်းသုံး မီတာများသည် ယူနစ် ငါးထောင်ထိ အသုံးပြုပါက ၁၀၀ ကျပ်သာ ကောက်ခံမည် ဖြစ်သော်လည်း ယင်းပမာဏ ကျော်လွန်သည့် ယူနစ်များကို တစ်ယူနစ်လျှင် ၁၅၀ ကျပ်နှုန်းဖြင့် ကောက်ခံသွားမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

အဆိုပါ လျှပ်စစ်မီတာခများ တိုးမြှင့်လိုက်သည့်အပေါ် ဝေဖန်မှု များစွာ ဖြစ်ပေါ်ခဲ့ပြီး မီတာခ တိုးမြှင့်မှုအပေါ် ကန့်ကွက် ဆန္ဒထုတ်ဖော်ရန်လည်း အဖွဲ့အစည်း အချို့က လုပ်ဆောင်နေသည်။

အေးချမ်းမွန် Credit To >The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top