0

လက်ပံတောင်းတောင် စီမံကိန်းနှင့် သက်ဆိုင်သည့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ သက်ရောက်မှု ဆန်းစစ်ခြင်းနှင့်Environmental and Social Impact Accessment -ESIA စစ်တမ်းနှင့် သဘာဝ ပတ်ဝန်းကျင် စီမံအုပ်ချုပ်မှု စီမံချက် (Environmental Management Plan-EMP) အား မြန်မာ-၀မ်ပေါင် ကုမ္ပဏီထံမှ ရရှိထားပြီး ဘက်မလိုက်သော အကဲဖြတ် အဖွဲ့ဖွဲ့စည်းကာ လုပ်ငန်းကြီးကြပ်မှုများ ပြုလုပ်ပေးနေကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီမှ နိုဝင်ဘာ ၂၁ ရက်က သတင်းရရှိသည်။

ESIA -EMP စစ်တမ်းများအား သြစတြေးလျနိုင်ငံ အခြေစိုက် Knight Pie sold Pty ကုမ္ပဏီ ဦးဆောင် ရေးဆွဲခဲ့ခြင်းဖြစ်ပြီး အကဲဖြတ် အဖွဲ့တွင်Knight Pie sold Pty ကုမ္ပဏီမှ ပညာရှင်များ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသခံကျေးရွာများမှ ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကော်မတီ အနေဖြင့် လက်ပံတောင်းတောင် စီမံကိန်းတွင် ပါဝင်သည့် သိမ်းဆည်းမြေများမှ မလိုအပ်သည့် မြေများကို ဒေသခံများအတွက် လယ်မြေလုပ်ပိုင်ခွင့် နှင့်အတူ ပြန်လည်ပေးအပ်ရာ ပိုမြေ ၂၈၃ ဒသမ ၆၉ ဧကအ နက် ၂၄၄ ဒသမ ၂၁ ဧကအား ပေးအပ်ခဲ့ပြီး ကျန်မြေများအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့် ပြန်လည်ပေးအပ်နိုင်ရန် ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

လယ်ယာမြေ နစ်နာဆုံးရှုံးမှုများ အတွက် ဒေသခံများအား လျော်ကြေးပေးအပ်ရာတွင်လည်း မြေဧက ၃၃၄၈ ဒသမ ၆၀ ဧကနှင့် ဒေသခံများ၏ သီးနှံလျော်ကြေးများ အပါအ၀င် လျော်ကြေးပေးအပ်မှု ပမာဏမှာ ငွေကျပ် ၇၇၂၀၃ ဒသမ ၀၇ သိန်း ဖြစ်သော်လည်း ထိုသို့ မြေယာလျော်ကြေး ပေးအပ်သည့် ပမာဏမှာ စီမံကိန်းပါမြေ ၆၄၉၀ ဒသမ ၈၀ ဧက ၏ ၅၁ ဒသမ ၅၈ ရာခိုင်နှုန်းသာ ရှိနေပြီး စီမံကိန်းအတွင်း ပါဝင်သည့် မြေပိုင်ရှင် ၄၉ ရာခိုင်နှုန်းကျော်မှာ မြေယာလျော်ကြေး ရယူမှုမရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး သစ်တော၊ စွမ်းအင်နှင့် သတ္ထုဝန်ကြီး ဦးသန်းထိုက်က ပြောကြားသည်။

ဒေသခံများအား စိုက်ပျိုးမြေများ ပြန်လည်ပေးအပ်ရန် ဆားလင်းကြီးမြို့နယ်၊ ဘုတ်စုကျေးရွာ အနီးတွင် မြေလွတ် ၁၄၅ ဧကအား အကောင်အထည် ဖော်မည်ဖြစ်ကာ လက်ရှိတွင် ၃၅ ဧကအား အကောင်အထည် ဖော်ဆောင်ပြီး ၁၆ ဧကတွင် နှစ်ရှည်ပင်များ စိုက်ပျိုးထားကြောင်း ကော်မတီမှ သတင်းရရှိသည်။ ထို့ပြင် ပတ်ဝန်းကျင် စိမ်းလန်းရေးအတွက် ဇုန်သုံးဇုန်ခွဲ၍ လုပ်ဆောင်နေပြီး ရေရသမင် ဘေးမဲ့ဧရိယာ ၃၂ဒသမ ၁၉ ဧကကိုလည်း ဆောင်ရွက်နေကြောင်း သိရှိရသည်။ ဒေသခံများ၏ လူမှုအကျိုးစီးပွားများ စောင့်ရှောက်ရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၈ သန်းဖြင့် ပညာရေး၊ ကျန်းမာရေး စသည့်များအတွက် အသုံးပြုနေကြောင်းလည်း သိရှိရသည်။ ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းများအတွက် လက်ရှိတွင် ၁၃၆၀ ဦး ပေးအပ်ထားပြီး တစ်နှစ်အတွင်း ၁၉၀၀ ဦး အထိ တိုးမြင့်ခန့်ထားမည် ဖြစ်ကြောင်း သိရသည်။

လက်ပံတောင်းတောင် စီမံကိန်းအတွက် လျော်ကြေးပေးအပ်သည့် နောက်ဆုံးရက်အပြီးတွင် ဒေသခံများ၏ စီမံကိန်းအတွင်းပါ လယ်ယာမြေများအား အစိုးရအဖွဲ့ တာဝန်ရှိသူများမှ သံဆန်ခါဖြင့် ပိတ်ဆို့ခြင်း၊ သီးနှံများ ဖျက်ဆီးခြင်း စသည့်လုပ်ငန်းစဉ်များ လုပ်ဆောင်ခဲ့သည်ဟုဆိုကာ မြေယာလျော်ကြေး ရယူမှုမရှိသည့် ဒေသခံများ ၃၀၀ ကျော်ခန့်က ဆက်ဆံရေးရုံးအား လာရောက် ၀န်းရံထားပြီး မြေယာလျော် သီးနှံဖျက်ဆီးမှုအား ရပ်တန့်ရန်စသည့် အချက်များအတွက် ဆက်ဆံရေးရုံးအား ၀ိုင်းရံတောင်းဆိုမှုအား အောက်တိုဘာ ၆ ရက် နံနက်မှ စတင်တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိကာလတွင်လည်း အငြင်းပွားမှုများအား ပြီးပြတ်အောင် ဖြေရှင်းနိုင်မှု မရှိသေးကြောင်း သိရသည်။

(လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းခွင် တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ))

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top