0

ရွှေပြည်သာမြို့နယ် ၁၈ ရပ်ကွက်ရှိ E-LAND Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမား ၇၀၀ ကျော်သည် အခြေခံလစာ တိုးတောင်းသည့်ကိစ္စ အဆင်မပြေသောကြောင့် စက်ရုံရှေ့တွင် သပိတ်စခန်း ဖွင့်လှစ်ကာ ဆန္ဒပြလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၃ ရက် တွင် စက်ရုံရှိ အလုပ်သမားများ အခြေခံလစာ နည်းပါးပြီး စားဝတ်နေရေး ခက်ခဲလာမှုကြောင့် လစာတိုးပေးရန် စက်ရုံတာဝန် ရှိသူများကို အလုပ်သမား ၇၀၀ ကျော်ခန့်က လက်မှတ်ထိုး တင်ပြခဲ့သော်လည်း ပယ်ချခဲ့သဖြင့် အလုပ်သမားခေါင်းဆောင် အဖွဲ့က ရွှေပြည်သာမြို့နယ် လေဘာရုံးသို့ အကူအညီတောင်း တင်ပြခဲ့ကြောင်း သိရသည်။

ထိုသို့တင်ပြပြီး ရွှေပြည်သာမြို့နယ် လေဘာရုံး၌ သုံးရက်ကြာမြင့်ခဲ့ကာ ''ဥပဒေနဲ့ မညီဘူး။ ဒါလူမှုရေးကိစ္စ'' ဟု ပြန်လည်ပြောဆိုခဲ့ပြီး ရှင်းမပေးခဲ့ကြောင်း သိရသည်။

ထို့နောက် အလုပ်သမားခေါင်းဆောင် အဖွဲ့မှ ဦးဆောင်၍ပင် မြို့နယ်အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့အား စာတင်ပြ၍ ကြားဝင်ဖြေရှင်းပေးရန် အောက်တိုဘာ ၂၆ ရက်တွင် တောင်းဆိုတင်ပြခဲ့ပြီး တစ်ပတ်ခန့် အကြာတွင် အဆိုပါမြို့နယ် အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က ခုံသမာဓိရုံးအား လွှဲပေးပြီး ဖြေရှင်းခိုင်းသော်လည်း ခုံသမာဓိရုံးမှ သုံးရက်အကြာတွင် မြို့နယ်အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ကိုပင် ပြန်လည်လွှဲပြောင်း ဖြေရှင်းခိုင်းခဲ့ကြောင်း သိရသည်။

ထို့နောက် အလုပ်သမား ၇၀၀ ကျော် ခန့်သည် နိုဝင်ဘာ ၁၂ ရက်တွင် စက်ရုံရှေ့၌ စတင်ဆန္ဒပြခဲ့ကြပြီး နိုဝင်ဘာ ၁၇ ရက်အထိ အလုပ်မဆင်းတော့ဘဲ အလုပ်ရှင်နှင့် တွေ့ဆုံပြီး တိုက်ရိုက်စကားပြောရန် ခွင့်တောင်းခဲ့ရာ အလုပ်ပိုင်ရှင်မှာ ကိုရီးယားသို့ သွားနေကြောင်းပြောပြီး အလုပ်ရှင် ပြန်ရောက်မှသာ ရှင်းပေးမည်ဟု စက်ရုံတာဝန်ရှိသူများက ပြောခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၁၈ ရက်တွင် အလုပ်သမား ၆၀၀ ကျော်ကို ထုတ်ပယ်သည့် အလုပ်ထုတ်စာအား စက်ရုံထဲတွင် ကပ်ကာ ကြေညာခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်တွင် စက်ရုံရှေ့၌ သပိတ်စခန်းဖွင့်ကာ စတင်ဆန္ဒ ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''၀န်ထမ်းတွေရဲ့အခြေလစာကတော့ ကျပ် ၃၃၀၀၀ ပါ။ ဒါ့အပြင် အထည်လိုင်စင်ခ၊ နှစ်ကြာမြင့်ကြေး၊ ရက်မှန်ကြေးတွေနဲ့ ပေါင်းရင်မှ လစာက ကျပ်ခုနစ်သောင်းကျော်၊ ရှစ်သောင်းလောက်ပဲ ရတာပါ။ ၀န်ထမ်းအကုန်လုံး စားဝတ်နေရေး ကျပ်တည်းလာတဲ့အတွက် အခြေခံလစာကိုကျပ် ၃၀၀၀၀ ထပ် တိုးတောင်းတာပါ။ သူတို့က သဘောမတူဘူး။ နောက်ဆုံး ကျွန်တော်တို့ အလုပ်သမားတွေရဲ့ သဘောအရ တစ်သောင်းလောက်ပဲ တိုးပေးပါ။ ပြီးတော့ အလုပ်မဆင်းဘဲနေတဲ့ ခြောက်ရက်ကို လစာမဖြတ်ဘဲ အပြည့်ပေးဖို့ တောင်းဆိုတယ်။ သူတို့က လစာကျပ် တစ်သောင်းတိုးပေးဖို့ပဲ သဘောတူတယ်။ အလုပ်မဆင်းတဲ့ ခြောက်ရက်လစာကို မပေးဘူးဆိုလို့ ဆန္ဒပြတာပါ။ ကျွန်တော်တို့ တောင်းဆိုတာကို မပေးသရွှေ့ ဆန္ဒပြတာကို လုံးဝမရပ်ပါဘူး။ အရှိန်မြင့်သွားဖို့ပဲရှိတယ်'' ဟု အလုပ်သမားခေါင်းဆောင် ကိုမျိုးမင်းမင်းက နိုဝင်ဘာ ၂၁ ရက်ညပိုင်းက ပြောကြားသည်။

ဆက်လက်၍ စက်ရုံအလုပ်သမား တစ်ဦးဖြစ်သူ မစန်းစန်းမော်က ''ကျွန်မက ဘိုကလေးကပါ။ မိဘတွေက ကျန်းမာရေး မကောင်းပါဘူး။ လယ်လုပ်ပါတယ်။ ရန်ကုန်ကိုအထင်ကြီးပြီး လာလုပ်တာ။ အခုလိုဖြစ်တော့ ဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူး'' ဟု ပြောကြားခဲ့သည်။

ယင်းကိစ္စအား E-LAND Myanmar အထည်ချုပ်စက်ရုံ အထွေထွေမန်နေဂျာ မသိင်္ဂီကိုဖုန်း အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းဖြေကြားခြင်း မရှိခဲ့ပါ။

(သပိတ်စခန်းဖွင့် ဆန္ဒပြနေသည်ကို နိုဝင်ဘာ ၂၁ ရက် ည ၁၁ နာရီက တွေ့ရစဉ်(ဓာတ်ပုံ-မင်းသိန်းနိုင်))

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top