0

Created on Tuesday, 12 November 2013 03:04

မြန်မာ့ပင်လယ်ပြင်ရှိ ငါးသယံဇာတ တည်ရှိမှုနှင့် ရေအောက်ကြမ်းပြင် အခြေအနေများကို သုတေသန ပြုလုပ်ရန်အတွက် Dr. Fridtjof Nansen ရေယာဉ်သည် နိုဝင်ဘာ ၁၃ ရက်တွင် ရန်ကုန်မြို့ရှိ နန်းသီတာ ဆိပ်ကမ်းမှ ရခိုင်ကမ်းရိုးတန်းသို့ စတင် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ပင်လယ်ပြင်၌ ငါးသယံဇာတ တည်ရှိကို သုတေသနပြုမည့် ရေယာဉ်သည် ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် ဧရာဝတီမြစ်ဝ ကျွန်းပေါ်နှင့် တနင်္သာရီ ကမ်းရိုးတန်းတို့အား သုတေသန လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

''ရရှိလာတဲ့ သုတေသန အချက်တွေကို ငါးလုပ်ငန်း ဦးစီးဌာနကို ပေးပြီး စီမံခန့်ခွဲ သွားမှာဖြစ်ပါတယ်။ အရင်တုန်းက ပင်လယ်ပြင် သုတေသန လုပ်ခဲ့ပါတယ်။ အဲဒါတွေက Capacity မရှိတော့ဘူး။ အခု ပင်လယ်ပြင်မှာက သယံဇာတ ထိခိုက်ပျက်စီးမှုရှိတဲ့ ငါးဖမ်းကိရိယာတွေကို သုံးတယ်။ ရာသီဥတု ပြောင်းလဲနေတာလည်း ပါတယ်။ အသုံးမပြုသင့်တဲ့ ပိုက်တွေ အသုံးပြုနေတဲ့ အတွက် သယံဇာတတွေ ပျက်စီးနေတာတွေ ရှိတယ်။ အဲဒါကြောင့် ရလာတဲ့ သုတေသန အချက်အလက်တွေကို ရေရှည်အသုံးပြုနိုင်အောင် စီမံသွားမှာ ဖြစ်ပါတယ်'' ဟု ငါးလုပ်ငန်း ဦးစီးဌာန၊ ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြသန်းထွန်းက ပြောကြားသည်။

မြန်မာ့ပင်လယ်တွင် ငါးသယံဇာတ တည်ရှိမှုနှင့် ရေအောက်ကြမ်းပြင် အခြေအနေများကို သုတေသန ပြုလုပ်မည့် အစီအစဉ်အား နော်ဝေနိုင်ငံ အစိုးရက ငွေကြေးထောက်ပံ့ ကူညီပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေယာဉ်သည် မြန်မာ့ပင်လယ်တွင် ငါးသယံဇာတ တည်ရှိမှုအား သုတေသန ပြုလုပ်ရာတွင် နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၁၉ ရက်အထိ သုတေသန ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ပင်လယ်ပြင်တွင် FAO ၏စီမံကိန်းအရ ၁၉၇၉ ခုနှစ်နှင့် ၁၉၈၀ ခုနှစ်တို့တွင် ပင်လယ်ပြင်ရှိ ငါးသယံဇာတ တည်ရှိမှုကို သုတေသန ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

Dr. Fridtjof Nansen ရေယာဉ် ဆိုက်ကပ်ထားသည်ကို တွေ့ရစဉ်

အေးချမ်းမွန် Credit To > Eleven Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top