ရန်ကုန်၊ နိုဝင်ဘာ ၂၄
ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သော ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောလားဘွယ် နာမည်ကို အလွဲသုံးစား လုပ်သော ထိုင်းနိုင်ငံသား နှစ်ဦးအား DKBA က ဖမ်းဆီးကာ စစ်ဆေးနေကြောင်း DKBA မှ ဗိုလ်မှူးကြီး စောဆန်းအောင်က အတည်ပြု ပြောကြားသည်။
ယင်းထိုင်းနိုင်ငံသား နှစ်ဦးသည် DKBA နှင့် စီးပွားရေး ဖက်စပ် လုပ်ကိုင်နေသူများ ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ဗိုလ်ချုပ်ကြီး စောလားဘွယ် နာမည် အသုံးပြုကာ ၎င်းတို့၏ လုပ်ငန်းများတွင် အသုံးချနေသောကြောင့် နိုဝင်ဘာ ၂၂ ရက်နေ့တွင် DKBA ဌာနချုပ် နယ်မြေ၌ ဖမ်းဆီးကာ စစ်ဆေးနေခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“အခု ထိုင်းဘက်က ပုလိပ်တွေ ရောက်နေပြီ။ အသေးစိတ်ကိုတော့ ဌာနချုပ်က မပြောသေးဘူး” ဟု ၎င်းကဆိုသည်။
ထိုင်းနိုင်ငံသား နှစ်ဦးသည် ထိုင်းနိုင်ငံအတွင်း စီပွားရေး လုပ်ကိုင်ရန်အတွက် DKBA ထံ ထိုင်းဘတ်ငွေ သန်း ၁၀၀ တောင်းယူ ထားသည်ဟုလည်း DKBA တပ်ဖွဲ့ဝင်များထံမှ စုံစမ်းသိရှိရသည်။
“စစ်ဆေးပြီးရင်တော့ ပြန်လွှတ် ပေးမှာပါ” ဟုလည်း ၎င်းကဆိုသည်။
ထိုင်းရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံသားများကို ကရင်လက်နက်ကိုင် တပ်ဖွဲ့များက ဖမ်းဆီးထားပါက လာရောက်လေ့ ရှိပြီး စစ်ဆေးမှု ပြုလုပ် ပြီးစီးပါက ထိုင်းနိုင်ငံ အတွင်းသို့ ပြန်ခေါ်သွားကြောင်း ကရင် လက်နက်ကိုင် အဖွဲ့အစည်းများ၏ အဆိုအရ သိရသည်။
DKBA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောလားဘွယ်ကို ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထိုင်းနိုင်ငံက မူးယစ်ရာဇာအဖြစ် သတ်မှတ်ပြီး ဆုကြေးထုတ် ကြေညာခဲ့သည်။
ဗိုလ်ချုပ်ကြီး စောလားဘွယ်ကမူ မူးယစ်ဆေးဝါး ကိစ္စရပ်များနှင့် ဆက်နွှယ်မှု မရှိကြောင်း ငြင်းဆိုထားသည်။
DKBA သည် လက်ရှိ အနေအထားအရ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီထားပြီး နယ်စပ်ဒေသတွင် ရွှေ၊ ခနောက်စိမ်း ကဲ့သို့ သတ္တုတွင်း လုပ်ငန်းများအပြင် သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းများဖြစ်သော စီးပွားရေးလုပ်ငန်း များစွာကို လုပ်ကိုင်နေသည့် လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။
အေးချမ်းမွန် Credit To > The Voice Weekly
Post a Comment