ပြည်၊ နိုဝင်ဘာ ၂၄
ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် ကြိုးစားနေသည့် သရေခေတ္တရာ ပျူမြို့ဟောင်း၏ ဇုန်နယ်မြေ အတွင်းရှိ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများတွင် ကျပ်သိန်း ၁၀၀ ကျော် လိုအပ်လျက် ရှိကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ထံမှ စုံစမ်း သိရှိရသည်။
တူးဖော်ရေး လုပ်ငန်းများတွင် မရှိမဖြစ် အသုံးပြုရသည့် စက်ကိရိယာများ မပြည့်စုံမှုများ၊ တူးဖော်ခဲ့သည့် ရှေးဟောင်း ပစ္စည်းများကို ထိန်းသိမ်းရသည့် ဓာတုဗေဒ ပစ္စည်းများ အားနည်းနေမှု များကို အဓိက ကြုံနေရ၍ ထပ်မံ လိုအပ်သည့် အသုံးစရိတ်ကို နေပြည်တော် ရုံးချုပ်သို့ တင်ပြထားကြောင်း တူးဖော် ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပါဝင်နေသည့် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“ဇုန်ထဲမှာ လိုအပ်တဲ့ Facility နည်းနေတယ်။ အဆောက်အအုံတွေ တစ်ခုနဲ့ တစ်ခုဆီသွားတဲ့ လမ်းတွေ ဖောက် မထားတော့ ဇုန်တစ်ခုလုံးကို ကားနဲ့ ကြည့်လို့ မရဘူး။ Public Education အတွက် စာရွက်စာတမ်းတွေ ထုတ်ဝေပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့ အတွက် အရေးကြီးဆုံး လိုအပ်တာက ဘတ်ဂျက် ဖြစ်နေတယ်” ဟု အဆိုပါ အရာထမ်းက ဆိုသည်။
ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ အတွက် ဇုန်အတွင်းရှိ လမ်းအနေအထား ကောင်းမွန်မှုများ အဓိက လိုအပ်လျက် ရှိနေကြောင်း၊ ဇုန်အတွင်း ဖြစ်ပေါ်နေသည့် အားနည်းချက်များတွင် တစ်ခုဖြစ်သော လမ်းများနှင့် ပတ်သက်၍ ဇုန်နယ်မြေရှိ မှော်ဇာကျေးရွာ အုပ်ချုပ်ရေးမှူးက ဆိုသည်။
“ပြတိုက်ထဲက ဆင်းတုတွေမှာ ကြေးညှိတက်နေတာမျိုးတွေ ရှိတယ်။ ဒါမျိုးတွေကို Treatment လုပ်ပေးစေချင်တယ်။ ဒီထက်ပိုပြီး ဓာတ်ခွဲခန်းတွေ၊ ရှေးဟောင်း ပစ္စည်းတွေ သီးသန့် ထိန်းသိမ်းဖို့ စတိုခန်းတွေလည်း စနစ်တကျ ရှိစေချင်တယ်” ဟု ပျူမြို့ဟောင်းသို့ လာရောက် လေ့လာသူ တစ်ဦးက ထောက်ပြ ပြောဆိုသည်။
သရေခေတ္တရာ ပျူမြို့ဟောင်းတွင် မြို့ရိုး နှစ်ခု၊ မြို့တံခါးပေါက် ကိုးခု၊ စေတီဂူဘုရား ၉၀ နှင့် အုတ်ကုန်းများ အပါအဝင် စုစုပေါင်း ၂၇၀ တူးဖော်ပြီး ဖြစ်ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန စာရင်းအရ သိရသည်။
အေးချမ်းမွန် Credit To >The Voice Weekly

Post a Comment