0

အမေရိကန် အခြေစိုက် အဖွဲ့အစည်း နှစ်ခုဖြစ်သည့် USAID နှင့် USSEC တို့မှ မြန်မာနိုင်ငံတွင် တီလားပီးယားငါး မွေးမြူထုတ်လုပ်မှုများနှင့် ပတ်သက်၍ အကူအညီများ ဆောင်ရွက်ပေးနေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

လက်ရှိတွင် အမေရိကန် အခြေစိုက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် USAID ၏ ငွေကြေးထောက်ပံ့မှုကို ရယူကာ Winrock International အဖွဲ့အစည်းမှ မြန်မာနိုင်ငံတွင် လယ်သမားမှ လယ်သမားသို့ (Farmer to Farmer) အစီအစဉ်အရ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍများတွင် နည်းပညာ အကူအညီ ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် အမေရိကန်နိုင်ငံ အခြေစိုက် အဖွဲ့အစည်း တစ်ခုဖြစ်သော USSEC (U.S. Soybean Export Council) မှ မြန်မာနိုင်ငံတွင် အသားနှင့် ငါးမွေးမြူရေး ကဏ္ဍများတွင် ခေတ်နှင့်လျော်ညီသည့် အစာဖော်စပ်သည့် နည်းပညာများ ပေးလျက်ရှိသည့်အပြင် တီလားပီးယားငါး မွေးမြူထုတ်လုပ်မှု တိုးတက်ရန်အတွက် အာရှဒေသ အိမ်နီးချင်း နိုင်ငံများ၏ တီလားပီးယားငါး မွေးမြူရေး နည်းပညာများကို ပေးလျက်ရှိကြောင်း သိရသည်။

"အမေရိကန် ပဲပုပ်အသင်းက ကျွန်တော်တို့ ငါးလုပ်ငန်း အဖွဲ့ချုပ်နဲ့ MoU ထိုးထားပြီးတော့ ခဏခဏ လာတယ်။ မြန်မာရဲ့ မွေးမြူရေး အစားကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာဖို့အတွက် ခေတ်နဲ့ညီတဲ့ အစာဖော်စပ်တဲ့ နည်းပညာတွေ လာပေးရင်းနဲ့ တီလားပီးယား ငါးမွေးမြူရေးနဲ့ ပတ်သက်ပြီး လာပြောတယ်။ မြန်မာနိုင်ငံမှာ တီလားပီးယား မွေးမြူရေးကို တိုးတက်ရန် Winrock International အဖွဲ့အစည်းမှ အကူအညီ ပေးနေတဲ့ အချိန်မှာ အမေရိကန် ပဲပုပ်အသင်းက အာရှဒေသရဲ့ တီလားပီးယားငါး မွေးမြူတဲ့ နည်းစနစ်တွေကို လာပေးသွားတယ်" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ၌ နည်းပညာ အကူအညီများ ပေးနေသည့် အမေရိကန် အခြေစိုက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် USAID အဖွဲ့အစည်းသည် မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်လှစ်၍ နည်းပညာ အကူအညီပေးမှု လုပ်ငန်းများကို နောက်ထပ်ငါးနှစ် ထပ်မံကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ တီလားပီးယားငါး မွေးမြူထုတ်လုပ်မှုကို စီးပွားဖြစ် အောင်မြင်စွာ မွေးမြူထုတ်လုပ်နိုင်ခြင်း မရှိသေးသည့်အပြင် ပြည်တွင်းစားသုံးမှုမှာလည်း နည်းပါးသေးကြောင်း ငါးမွေးမြူရေး လုပ်ငန်းရှင်များက ပြောကြားသည်။

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top