Created on Saturday, 30 November 2013 02:15
တိုင်းရင်းသားပါတီ ၁၅ ပါတီဖြင့် ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(NBF) က ရေးဆွဲနေသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းမှာ ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် ပထမအကြိမ် လွှတ်တော် န၀မပုံမှန်အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြသွားမည်ဟု NBF ဒါရိုက်တာ ဒေါ်ချင်းချင်းက ပြောကြားသည်။
အဆိုပါ ဖွဲ့စည်းပုံမူကြမ်းကို ဆွေးနွေးပွဲများ ပြုလုပ်စဉ်နှင့် ၂၀၁၅ ခုနှစ်မတိုင်မီ အစိုးရဘက်မှ ပြုလုပ်ပေးမည်ဟု ပြောကြားထားသည့် ပင်လုံကဲ့သို့သော ညီလာခံတွင် ချပြသွားရန်ဟူသော ရည်ရွယ်ချက်များဖြင့် ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းက ရေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေးဆွဲပြီးသည့် အခြေခံဥပဒေမူကြမ်းတွင် အခြေခံအချက်များအဖြစ် တိုင်းရင်းသားရေး၊ အမျိုးသားရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးစသည်တို့ကို အခြေခံရေးဆွဲထားကြောင်း ဒေါ်ချင်းချင်းက ပြောကြားသည်။
"အုပ်ချုပ်ရေးပိုင်းမှာကော၊ နိုင်ငံရေး ပိုင်းမှာကော၊ စီးပွားရေး ပညာရေး အားလုံးပေါ့။ ပြည်နယ်တွေမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ဦးစားပေးဖို့ပေါ့။ အဲဒါလေးတွေကို ဆွဲထားတယ်"ဟု ဒေါ်ချင်းချင်းက ဆိုသည်။
အဆိုပါ မူကြမ်းတွင် ပြည်နယ်ခွဲဝေမှုများအဖြစ် လက်ရှိစနစ်ဖြစ်သည့် ပြည်နယ်ခုနစ်ခု၊ တိုင်းဒေသကြီးခုနစ်ခု စနစ်ကို အခြေခံထားကြောင်း၊ အဘယ်ကြောင့်ဆိုသော် တိုင်းဒေသကြီးများတွင်လည်း တိုင်းရင်းသား များရှိနေသည့်အတွက် ဗမာပြည်နယ် တစ်ခုတည်း ထားမည်ဆိုပါက အဆင်မပြေနိုင်ဟု ယူဆသောကြောင့် ဖြစ်ကြောင်း ဒေါ်ချင်းချင်းက ပြောကြားသည်။
အဆိုပါ NBF ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ တစ်ခုလုံးကို Renew လုပ်ထားသော်လည်း NBF ပေါ်လစီအရ တစ်ခုလုံးကို အသစ်ရေးခြင်း မဟုတ်ကြောင်း၊ အဓိကအနေဖြင့် မည်သည့် အချက်များ ပြင်ဆင်ရမည်ဆိုသည့် ရှုထောင့်မှ သွားခြင်းဖြစ်ကြောင်း NBF ပြောရေးဆိုခွင့်ရှိသူ ဦးဇိုဇမ်က ပြောကြားထားသည်။
NBF အနေဖြင့် အဆိုပါမူကြမ်းကို မူကောင်းတစ်ခုအနေဖြင့်သာ ကိုင်စွဲရန်ဖြစ်ပြီး သုံးခြင်းမသုံးခြင်းမှာ တစ်ကဏ္ဍဖြစ်ကြောင်း၊ နောက်ပိုင်းတွင် အဆိုပါမူကြမ်းကို NBF ၏ လက်ကိုင်စာအုပ် တစ်ခုအနေဖြင့် ကိုင်စွဲသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားထားသည်။
၁၉၉၀ ရွေးကောက်ပွဲဝင် ပါတီများဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA)နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) တို့ကလည်း ၎င်းတို့၏ မူအဖြစ် ကိုင်စွဲသွားရန်အတွက်ဟုဆိုကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းတစ်ခုကို ပူးပေါင်းရေးဆွဲနေပြီး ၂၀၁၃ ခုနှစ်မကုန်မီ အပြီးရေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
UNFC ခေါင်းဆောင်များဖြစ်သည့် ဒုဥက္ကဋ္ဌ (၂) ပဒိုဒေးဗစ်သာကပေါ၊ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၊ဒုဥက္ကဋ္ဌ (၁) ခူးအေဘယ်တွိဒ်နှင့် NBF ခေါင်းဆောင်များ ရန်ကုန်မြို့၌ နိုဝင်ဘာ ၂၅ ရက်က တွေ့ဆုံဆွေးနွေးစဉ်
အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment