0



နိုင်ငံရပ်ခြား ဒုက္ခသည်များကို ခိုလှုံခွင့် ပေးထားသော်လည်း ယင်းတို့အနက် အကြမ်းဖက်မှုအဖွဲ့များနှင့် ဆက်နွယ်သူများ ပါဝင်နေခြင်းသည် အမေရိကန်အစိုးရ လက်ရှိကြုံနေရသည့် ပြဿနာတစ်ရပ်ဟု သိရှိရသည်။ အမေရိကန်သည် ဒုက္ခသည်အဖြစ် ခိုလှုံခွင့် လျှောက်ထားလာသူများအနက် အကြမ်းဖက်သမားများနှင့် အဆက်အသွယ်ရှိသူ ဒါဇင်ပေါင်းများစွာ ပါဝင်လာခြင်းအပေါ် ခေါင်းခဲနေကြောင်း သတင်းများက ဆိုသည်။ ၎င်းတို့သည် တစ်ဦးချင်းဖြစ်စေ၊ အကြမ်းဖက်သမားများနှင့် ချိတ်ဆက်၍ဖြစ်စေ အမေရိကန် နိုင်ငံသားများကို ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်ရန် လုပ်ဆောင်လေ့ ရှိနေကြသည်။

အချို့သော ဒုက္ခသည် အမည်ခံများသည် အီရတ်နှင့် အာဖဂန်နစ္စတန်တို့တွင် အမေရိကန်စစ်သည်များကို သတ်ဖြတ်ရန် ဗုံးပြုလုပ် ဖန်တီးပေးသူများပင် ဖြစ်နေကြောင်း သိရသည်။ FBI ထောက်လှမ်းရေး ဌာနက အမေရိကန် နိုင်ငံအတွင်း ဒုက္ခသည်အဖြစ် ခိုလှုံရောက်ရှိနေသူ တစ်သိန်းကျော်တို့၏ လက်ဗွေများကို ၎င်းတို့ သိမ်းဆည်းရမိသည့် ဖောက်ခွဲရေး ပစ္စည်းများပေါ်မှ လက်ဗွေရာများနှင့် တိုက်ဆိုင် စစ်ဆေးသွားရန် ပြင်ဆင်နေသည်။ FBIသည် အဆိုပါ စီမံကိန်းအတွက် ပညာရှင် (၁၀၀)ကျော်ကို တာဝန်ပေးသွားမည်ဟု သိရသည်။ (၂၀၁၁)ခုနှစ်က အမေရိကန်တွင် ဖမ်းဆီးရမိသည့် အီရတ်လူမျိုး နှစ်ဦးက တရားရုံးတွင် မိမိတို့အနေဖြင့် အမေရိကန် စစ်သည်များကို တိုက်ခိုက်သတ်ဖြတ်ရန် အယ်လ်ကေးဒါးတို့အား ဖောက်ခွဲရေး ကိရိယာများ ကူညီတီထွင်ပေးခဲ့ဖူးကြောင်း ဝန်ခံခဲ့သည့်နောက် ယခုအစီအစဉ်ကို စတင်ရန် FBIက ဆုံးဖြတ်လိုက်သည်။

အမေရိကန် ပြည်တွင်းလုံခြုံရေး ဗဟိုဌာနမှ ဥက္ကဋ္ဌဖြစ်သူ မိုက်ကယ် မက်ကောလ်က "ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အရေအတွက်ထက် ပိုများတဲ့ အယောင်ဆောင် ဒုက္ခသည်တွေ ထွက်ပေါ်လာရင်လည်း အံ့ဩမနေတော့ပါဘူး"ဟု ပြောကြားခဲ့သည်။ ၎င်းက အမေရိကန် နိုင်ငံထဲတွင် တစ်ချိန်က အကြမ်းဖက်မှု အားပေးအားမြှောက် ပြုခဲ့သူ အတော်များများ ရှိနှင့်နေပြီဟု ယုံကြည်ထားသည်။ "ဒီကိစ္စကို သီးခြား သတိထားရမယ့် အခြေအနေ တစ်ရပ်အဖြစ် စောင့်ကြည့်ဖို့ လိုပါတယ်"ဟု အငြိမ်းစားဗိုလ်ချုပ် မိုက်ကယ် ဘာဘီရိုက ဆိုသည်။ အမေရိကန်တွင် လက်ရှိအချိန်၌ အီရတ်တစ်နိုင်ငံတည်းမှပင် ဒုက္ခသည်အဖြစ် ခိုလှုံပြောင်းရွှေ့လာသူ ခုနစ်သောင်းကျော် နေထိုင်လျှက်ရှိကြောင်း သိရှိရသည်။


အေးချမ်းမွန် Credit To >Planet Myanmar Network https://www.facebook.com/excellencemedia

Post a Comment

 
Top