0


ရန်ကုန်၊ နိုဝင်ဘာ ၎

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦး ဝမ်းဗိုက်ကို ဓားနှင့် အကြိမ်ကြိမ် အထိုးခံရပြီး ပင်လယ်ထဲ ပစ်ချခံရသော်လည်း အသက်သေဆုံးခြင်း မရှိခဲ့ကြောင်း မလေးရှား သတင်းဌာန တစ်ခုဖြစ်သည့် The Star တွင် ဖော်ပြသည်။

အသက် ၂၀ နှစ်အရွယ်ရှိ အဆိုပါ မြန်မာနိုင်ငံသားသည် မလေးရှားနိုင်ငံ ပီနန်ပြည်နယ်ရှိ Weld Quay ဆိပ်ခံ ဗောတံတားတွင် နိုဝင်ဘာလ ၂ ရက်နေ့ ည ၁၀ နာရီခန့်၌ အပန်းဖြေနေစဉ် အကြမ်း ဖက်သူဟု ယူဆရသူနှစ်ဦးက ဓားဖြင့် ထိုးခဲ့ပြီး ပင်လယ်ထဲသို့ ပစ်ချခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။

၎င်းသည် ရေကူးနေသည့် အချိန်တွင် အူများ ထွက်နေခဲ့သော်လည်း ကမ်းခြေသို့ ရောက်ရှိအောင် ကူးလာခဲ့ပြီး ကမ်းခြေရောက်စဉ် အခြားလူများကို အကူအညီ တောင်းခံခဲ့ကြောင်း၊ ယင်းမြန်မာနိုင်ငံသားကို ပီနန်ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ရကြောင်း The Star တွင် ဖော်ပြသည်။

ဓားထိုးခံရသူတွင် အထောက်အထား တစ်စုံတစ်ရာ မရှိကြောင်း၊ အဆိုပါ ဓားဒဏ်ရာကို ခွဲစိတ် ကုသမှုများ ပြုလုပ်နေသော်လည်း အခြေအနေ အသေးစိတ်ကို ပြောဆို၍ မရသေးသည့် အခြေအနေ ဖြစ်ပြီး ဓားထိုးခံရမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထွက်ဆိုခြင်း မရှိသေးကြောင်း George Town ၏ ဒုတိယရဲမှူး Supt Ismail Toh Paduka Idris ကပြောဆိုကြောင်း အဆိုပါ သတင်းဌာနတွင် ဖော်ပြသည်။
“ဒါက ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၂၆ (အန္တရာယ် ရှိစေသော လက်နက်များနှင့် အပြင်းအထန် နာကျင်စေမှု) အောက်မှာ စုံစမ်းသွားမယ်။ အခုလည်း ဒီတိုက်ခိုက်ခံရမှုကို စုံစမ်းနေတုန်းပါပဲ” ဟု ၎င်းကဆိုသည်။

မလေးရှား နိုင်ငံရောက် မြန်မာများ အကြမ်းဖက်ခံရမှု၊ မုဒိမ်းကျင့် ခံရမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။

အေးချမ်းမွန် Credit To >The Voice Weeklyhttps://www.facebook.com/excellencemedia

Post a Comment

 
Top