ရန်ကုန်၊ နိုဝင်ဘာ ၂၃
ထိုင်းနိုင်ငံအခြေစိုက် စက်မှုဇုန် အကောင်အထည်ဖော်ရေး ကုမ္ပဏီဖြစ်သော Amata Corporation Plc က စက်မှုဇုန်သစ်များ ဖော်ထုတ်ရန် အခွင့်အလမ်း များကြောင့် မြန်မာနိုင်ငံတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက် ရှိကြောင်း နိုဝင်ဘာ ၂၃ ရက်နေ့ထုတ် ထိုင်းအခြေစိုက် ဘန်ကောက် ပို့စ်သတင်းစာတွင် ဖော်ပြသည်။
အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများဖြစ်သော မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတို့တွင် စက်မှုဇုန် စီမံကိန်းအသစ်များ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် လေ့လာမှုများ ပြုလုပ်လျက် ရှိကြောင်း Amata Corporation ဘဏ္ဍာရေးဌာနမှ ဒုတိယဥက္ကဋ္ဌ Steven Siew က ပြောကြားသည်။
“ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုပြု လုပ်နိုင်မယ့် အခွင့်အလမ်းတွေ ရှာဖွေနေပြီး ဖြစ်နိုင်ခြေ အနေအထား လေ့လာမှုတွေ ပြီးစီးသွားရင် မဟာဗျူဟာမြောက် မိတ်ဖက် ကုမ္ပဏီတွေနဲ့ ပူးပေါင်း ဆောင်ရွက် ဖို့လည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်” ဟု ၎င်းကဆိုသည်။
ထိုင်းနိုင်ငံတွင် ရေလွှမ်းမိုးမှု ကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များ၊ နိုင်ငံရေး မတည်ငြိမ်မှုများက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို စိုးရိမ်စိတ် ဖြစ်ပေါ်စေပြီး Amata Corporation ၏ အဓိက မိတ်ဖက် အင်အားကြီး ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီကြီးများက လုပ်ငန်း အချို့ကို ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းရန် စိတ်ဝင်စားမှု ပိုမိုလာကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မီဒီယာများက ဆိုသည်။
“စက်မှုဇုန်တွေ အကောင်အထည် ဖော်ဖို့ စိတ်ဝင်စားနေတဲ့ ပြည်ပကုမ္ပဏီတွေ ရှိပါတယ်။ အခြေခံ အဆောက်အဦ ကိစ္စတွေကို ချိန်ဆ စဉ်းစားနေကြပုံပါပဲ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပြီးခဲ့သော စက်တင်ဘာလ အတွင်းက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း Amata Corporation က အကောင်အထည် ဖော်ထားသော Amata Nakorn Industrial Estate တွင် ယင်းကုမ္ပဏီ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
ပြည်တွင်းတွင် စက်မှုဇုန်များ အကောင်အထည်ဖော်ရန် ကိစ္စရပ်များနှင့် ရင်နှီးမြှုပ်နှံမှု ကိစ္စရပ်များ၊ အခွန်ကိစ္စရပ် များကိုလည်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဆွေးနွေးခဲ့ကြကြောင်း Amata Corporation ကုမ္ပဏီဘက်က ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံ အခြေစိုက် Amata Corporation ကို ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံအတွင်း စက်မှုဇုန်သုံးခု အကောင်အထည်ဖော် ဆောင်ရွက်နေကာ ဗီယက်နမ် နိုင်ငံတွင် လည်း စက်မှုဇုန်တစ်ခု တည်ထောင်ထားသည်။ အာရှဒေသတွင် အောင်မြင်သော မြို့ပြနှင့် စက်မှုဇုန် တည်ထောင်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။
အေးချမ်းမွန် Credit To >The Voice Weekly
Post a Comment