0


ဂျပန်နိုင်ငံမှ ကူညီမှုဖြင့် ကျောက်ဖြူမြို့တွင် တည်ဆောက်မည့် မိုးလေ၀သ ရေဒါစခန်းအား လာမည့်ဒီဇင်ဘာလတွင် စတင်တည်ဆောက် မည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

ဂျပန်နိုင်ငံမှ ထောက်ပံ့ငွေ (Grand Aid) အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၇ သန်းဖြင့် မိုးလေ၀သ ရေဒါစခန်း သုံးခုအား ကျောက်ဖြူ၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ တည်ဆောက်သွားမည်ဖြစ်ပြီး၊ ပထမဆုံး မိုးလေ၀သ ရေဒါစခန်းအား ကျောက်ဖြူမြို့၌ လည်းကောင်း၊ ဒုတိယ အနေဖြင့် ရန်ကုန်မြို့၌ လည်းကောင်း၊ တတိယ အနေဖြင့် မန္တလေးမြို့၌ လည်းကောင်း တည်ဆောက်သွားမည်ဟု သိရသည်။

မိုးလေ၀သ ရေဒါစခန်းသုံးခု တည်ဆောက်ရန် ပထမအဆင့် အနေဖြင့် ဂျပန်နိုင်ငံမှ ထောက်ပံ့ငွေ ယန်းသန်းပေါင်း ၃၈၄၂ မီလျံ ရရှိထားပြီးဖြစ်ကာ၊ ဒုတိယအဆင့် အနေဖြင့် အလိုအလျောက် မိုးလေ၀သ တိုင်းတာရေး ကိရိယာ အလုံး ၃၀ ကျော် တပ်ဆင်ရန် ထောက်ပံ့ငွေ ယန်းသန်းပေါင်း ၂၀၀ မီလျံကျော် စုစုပေါင်း ယန်းသန်းပေါင်း ၄၀၀၀ မီလျံကျော် ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ မိုးလေ၀သ ရေဒါစခန်းများ တည်ဆောက်နိုင်ရန် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား MoU အား အောက်တိုဘာ ၂၅ ရက်က လက်မှတ်ရေးထိုး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

"စာချုပ်အရ ကျွန်တော်တို့ဘက်က လုပ်ဆောင်ရမယ့် အချက်တွေကို အခုလုပ်နေတယ်။ ကျောက်ဖြူမှာ တည်ဆောက်ရေးကို ဒီဇင်ဘာမှာ စမယ်။ ဂျပန်ဘက်က ပညာရှင်တွေက ဖေဖော်ဝါရီမှာ ကျောက်ဖြူကို ရောက်မယ်" ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က နိုဝင်ဘာ ၁၉ ရက်က ပြောကြားသည်။

ဂျပန်နိုင်ငံမှ ထောက်ပံ့ငွေဖြင့် မြန်မာနိုင်ငံတွင် တည်ဆောက်မည့် မိုးလေ၀သ ရေဒါစခန်း သုံးခုအား ကျောက်ဖြူမြို့တွင် စတင်တည်ဆောက်ပြီး၊ ကျောက်ဖြူတွင် တည်ဆောက်ရေး လုပ်ငန်းများ တစ်ဝက်ခန့် ပြီးစီးချိန်တွင် ရန်ကုန်မြို့၌ စတင်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင် တည်ဆောက်ရေး လုပ်ငန်းများ ထက်ဝက်ခန့် ပြီးစီးချိန်တွင် မန္တလေးမြို့၌ စတင်တည်ဆောက်မည် ဖြစ်ကြောင်းလည်း သိရသည်။

အေးချမ်းမွန် Credit To > Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top