ဘဏ္ဍာဝင်ငွေ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Revenue Watch) ၏ စစ်တမ်းကောက်ယူမှုအရ မြန်မာနိုင်ငံ၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုမှာ နိုင်ငံပေါင်း ၅၈ နိုင်ငံတွင် နောက်ဆုံး အဆင့်တွင် ရှိနေကြောင်း၊ အဆိုပါ အဖွဲ့အနေဖြင့် နိုင်ငံပေါင်း ၅၈ နိုင်ငံတွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ သတ္တုတွင်း တူးဖော်ရေး လုပ်ငန်းတို့ကို လေ့လာပြီးနောက် ရမှတ်များကို စိစစ်ရာတွင် အမှတ် ၁၀၀ တွင် လေးမှတ်သာ ရခဲ့သောကြောင့် နောက်ဆုံးအဆင့်တွင်သာ နေရာပေးခဲ့ကြောင်း Myanmar Peace Monitor မှ ရရှိသော သတင်းများအရ သိရသည်။
ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုများအပေါ် ကမ္ဘာလုံးဆိုင်ရာ လေ့လာချက်များအရ မြန်မာနိုင်ငံသည် နိုင်ငံတကာ စံချိန်စံညွန်းများကို အကောင်အထည် ဖော်နိုင်မှုများစွာ နိမ့်ကျနေကြောင်း၊ ပွင့်လင်းမြင်သာမှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (Transparency International) က မြန်မာနိုင်ငံကို အကဲဖြတ်ရာတွင်လည်း အမှတ် ၁၀၀ တွင် ၁၅ မှတ်သာ ရရှိထားကြောင်း၊ ၂၀၁၂ ခုနှစ် စစ်တမ်း ကောက်ယူမှုများအရမူ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၇၆ နိုင်ငံတွင် ၁၇၂ အဆင့်သာ ရှိကြောင်း သိရသည်။
အလားတူ Bertelsmann Transformation Index (ဘာတဲလ်စ်မန်း ပြုပြင်ပြောင်းလဲရေး ညွန်းကိန်းများ) အရ ဒီမိုကရေဒီ အရည်အသွေး၊ ဈေးကွက်စီးပွားရေး၊ နိုင်ငံရေး စီမံခန့်ခွဲမှုတို့ပေါ် သုံးသပ်အကဲဖြတ်ချက် အရလည်း အသွင်ပြောင်းနေသည့် နိုင်ငံ ၁၂၈ ခုတွင် မြန်မာနိုင်ငံသည် ညွန်းကိန်းရလဒ် ၁၀ တွင် ၁ ဒသမ ၇ သာရရှိပြီး အဆင့် ၁၂၇ တွင် ရှိနေကြောင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ ညွန်းကိန်းရလာဒ်တွင်မူ ရမှတ် ၁၀ အနက် ၁ ဒသာမ ၇၇ မှတ်သာ ရရှိသဖြင့် အဆင့် ၁၂၆ တွင် ရှိနေကြောင်း တwww.transparency.org ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
''မြန်မာနိုင်ငံ အနေနဲ့ ပွင့်လင်းမြင်သာမှုပိုင်းမှာ တော်တော်လေး အားနည်းနေတယ်။ တကယ်တော့ မြန်မာနိုင်ငံရဲ့ fiscal policy ကလည်း ဘာမှန်းမသိရဘူး ဖြစ်နေတယ်။ ဥပမာ fiscal policy က ဘာနဲ့ဆိုင်လဲဆိုတော့ ရတာနဲ့ သုံးတာနဲ့ပဲ ဆိုင်တယ်။ ဘယ်လောက်ရလို့ ဘယ်လောက်သုံးလဲ။ အဲဒီတော့ တစ်တိုင်းပြည်လုံးမှာ ဘယ်လောက်ရလို့ ဘယ်လောက်သုံးလဲဆိုတာ ၀င်စွက်ဖက် ပိုင်ခွင့်လည်း မရှိဘူး။ ပြောမယ့်သူလည်း မရှိဘူး။ ပြောပိုင်ခွင့်လည်း မရှိဘူးဖြစ်နေတယ်။ ဒါကြောင့် ပွင့်လင်းမြင်သာမှုအတွက် လုပ်စရာတွေ အများကြီး ရှိနေသေးတယ်'' ဟု စီးပွားရေး ပညာရှင်တစ်ဦးက ဆိုသည်။
''မြန်မာနိုင်ငံမှာ အခုဖြစ်နေတာက နိုင်ငံခြားကနေ ချေးငွေဘယ်လောက် ရှိလဲဆိုတာနဲ့ ဒီငွေတွေကို ဘယ်လိုသုံးမလဲ။ ဘယ်နေရာမှာ သုံးမလဲ ဆိုတာတွေကို လွှတ်တော်ထဲမှာ မေးတာမျိုး သိပ်မတွေ့ရဘူး။ ပြီးတော့ မြန်မာနိုင်ငံမှာ သယံဇာတတွေ ထုတ်လုပ်မှုနဲ့ နိုင်ငံပိုင် အဆောက်အအုံတွေ လေလံတင် ရောင်းချမှုနဲ့ ပတ်သက်ပြီးတော့ ၀င်ငွေရော ဘယ်လောက် ပမာဏရှိလဲ ဆိုတာတွေလည်း လူထုကိုချပြဖို့ ပျက်ကွက်နေတာ တွေ့ရတယ်။ ဥပမာ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပြောရင်သိရတယ်။ နောက်တစ်ခုက စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တင်ဒါခေါ်တဲ့ ကိစ္စတွေကိုလည်း ပွင့်လင်းမြင်သာမှု သိပ်မရှိသေးပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာ ပြုပြင်စရာတွေ အများကြီး ရှိပါသေးတယ်'' ဟု စီးပွားရေး ပညာရှင်တစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် သဘာဝသယံဇာတများ ထုတ်ယူရောင်းချမှုမှ ရရှိသည့် ဘဏ္ဍာဝင်ငွေ အားလုံးကို ပြည်ထောင်စုအဆင့် ဗဟို အစိုးရကသာ ချုပ်ကိုင်ထားကြောင်း၊ ပွင့်လင်းမြင်သာမှု မရှိကြောင်းနှင့် ယင်းဘီလျံနှင့် ချီသော ၀င်ငွေများ မည်ကဲ့သို့ သုံးစွဲနေသည်ကို မသိရကြောင်း၊ စီးပွားရေး သဘောတူညီချက် များတွင်လည်း တစ်နည်းတစ်ဖုံဖြင့် လာဘ်ငွေများ (သို့) ပေးရငွေများ ပါဝင်နေတတ်ပြီး တိုင်းရင်းသား ဒေသများတွင် အချို့သော သဘာဝ သယံဇာတ ထုတ်လုပ်မှုများကို တရားမ၀င် နည်းများဖြင့် ဆောင်ရွက် နေကြကြောင်း၊ အထူးသဖြင့် သတ္တုတူးဖော်ရေးနှင့် ကျွန်းသစ်မှောင်ခိုသည့် လုပ်ငန်းများ ဖြစ်ကြောင်း ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ မြန်မာ့စီးပွားရေး အခြေအနေ စာတမ်းတွင် ဖော်ပြထားသည်။
(ရတနာကမ်းလွန် လုပ်ကွက်မှ ထိုင်းနိုင်ငံသို့ သွယ်တန်းထားသော ပိုက်လိုင်းအား တွေ့ရစဉ်)
အေးချမ်းမွန် Credit To >Eleven Media Group

Post a Comment