Created on Tuesday, 12 November 2013 02:24
ထားဝယ်ဒေသအတွင်း သိမ်းဆည်းထားသော လယ်ယာမြေများနှင့် အခြားမြေများ ပြန်လည်ရရှိရေး အတွက် တောင်သူလယ်သမားများမှ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်မှုကို နိုဝင်ဘာလ ၁၁ ရက် နံနက် ၉ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဆန္ဒထုတ်ဖော်မှုကို နိုဝင်ဘာ ၁၁ ရက် တွင် ခွင့်ပြုထားသည့် နံနက် ၉ နာရီအချိန် စတင်ခဲ့ပြီး မနက် ၁၁ နာရီအချိန်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။ ဆန္ဒထုတ်ဖော်သူများမှာ ဆန္ဒထုတ်ဖော်ခွင့်ပြုရန် တင်ပြလျှောက် ထားခဲ့သည့် ဒေါ်ရီရီထွေး၏ ၀ဲကျွန်းမြို့သစ်ရပ်ကွက် ကူးတို့ဆိပ်ဟောင်းလမ်း နေအိမ်တွင် စတင်စုဝေးခဲ့ပြီး ကမြောကင်း လမ်းမကြီးအတိုင်း ထားဝယ်မြို့တွင်းသို့ ၀င်ရောက်ကာ အင်းဝကျောင်း လမ်းဆုံမှတစ်ဆင့် မူလစုဝေးရာ နေရာသို့ ပြန်လည်ဝင်ရာက် လာခဲ့ကြောင်း သိရသည်။ ထိုသို့စီတန်း လှည့်လည်ရာတွင် တင်ပြလျှောက်ထားခဲ့သည့် ဦးရေ ၁၀၀ ခန့်အပြင် ဒေသခံ ပြည်သူများလည်း ပါဝင်ချီတက် ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်သူများမှ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ ခွင့်ပြုချက် ရရှိထားသော တစ်နိုင်ငံလုံးရှိ မတရား သိမ်းဆည်းခံထားရသော လယ်ယာမြေများ ပြန်လည်ရရှိရေး၊ မတရား သိမ်းဆည်းထားသော လယ်ယာမြေများ ပြန်လည်မှတ်ပုံတင်ခွင့် ရရှိရေး၊ တောင်သူလယ် သမားများအား အမှန်တကယ် ကိုယ်စားပြုသော လွှတ်တော်အမတ် ရရှိရေး၊ တပ်မတော်မှ ပိုလျှံသိမ်းဆည်းထားသော မြေယာများ ပြန်လည်ရရှိရေး၊ စစ်တပ်အဆောက်အအုံမြေ လျော်ကြေးပြန်လည် ရရှိရေး၊ သိမ်းဆည်း လယ်ယာမြေပေါ်တွင် အကောင်အထည် ဖော်နေသော အဆောက်အအုံအားလုံး ရပ်ဆိုင်းပေးရေးတို့ကို ကြွေးကြော်တောင်းဆို ခဲ့ကြသည်။
''အခုလို ခွင့်ပြုချက်ရရှိဖို့ သုံးကြိမ်တင်ခဲ့ရပါတယ်။ ပထမအကြိမ်က အချက်အလက် မပြည့်စုံလို့ဆိုပြီး ပယ်ချတယ်။ ဒုတိယ တစ်ခေါက်က အစိုးရအဖွဲ့ ဘုံကထိန်နဲ့ ရက်တိုက်နေလို့ဆိုပြီး ပယ်ချတယ်။ သုံးကြိမ်မြောက် ရောက်တော့မှ ခွင့်ပြုချက် ရခဲ့ပါတယ်။ အခုလို လုပ်ရတဲ့ အကြောင်းက ကျွန်တော်တို့ ဒေသသာမက တစ်နိုင်ငံလုံးမှာရှိတဲ့ သိမ်းဆည်းခံ လယ်သမားတွေအားလုံး ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြသချင်တဲ့ သဘောပါ။ အစိုးရအဖွဲ့က မြေသိမ်းဆည်းခံရတဲ့ တောင်သူလယ်သမားတွေကို ပြေလည်အောင် မဖြေရှင်းပေးသရွှေ့ အခုလို ဆန္ဒထုတ်ဖော်မှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိပါတယ်'' ဟု ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ ဦးထွန်းထွန်းဝင်းက ပြောကြားသည်။
''အဘတို့မြေကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက် ကတည်းက ခလရ (၄၀၂) ကနေပြီး သိမ်းသွားခဲ့ပါတယ်။ လယ်ကိုသိမ်းပြီး အခြားလူတွေကို ပိုက်ဆံနဲ့ အငှားပြန်ချပြီး လုပ်ကိုင်စေပါတယ်။ အခုလို ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ရတာကတော့ အဘရဲ့မြေလေး ပြန်များရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ'' ဟု ဇလွန်းကျေးရွာနေ အသက် ၈၁ နှစ်ရှိ ဦးဘသင်က ပြောကြားသည်။
ထားဝယ်မြို့တွင် မြေသိမ်းခံရသော တောင်သူများ နိုဝင်ဘာ ၁၁ ရက်က ဆန္ဒဖော်ထုတ်နေကြစဉ်
Post a Comment