0


Created on Friday, 01 November 2013 23:39 

ဥရောပ ငါးနိုင်ငံခရီးစဉ် ထွက်ခွာနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂ ရက် (ယနေ့)တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ဥရောပ ခရီးစဉ်ကို အောက်တိုဘာ ၁၈ ရက်မှ စတင်ခဲ့ခြင်းဖြစ်ကာ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်နှင့် အီတလီ နိုင်ငံများသို့ သွားရောက်ခဲ့သည်။

ခရီးစဉ်များအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် တောင်အာဖရိက နိုင်ငံတွင် လူဖြူလူမည်း ခွဲခြားမှုကို အဆုံးသတ်ခဲ့သော နယ်လ်ဆင်မင်ဒဲလား၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်တို့လည်း ရရှိခဲ့ဖူးသည့် ၁၉၉၀ ပြည့်နှစ် ကတည်းက ဥရောပသမဂ္ဂ (EU) မှ ချီးမြှင့်ထားသော Sakharov လူ့အခွင့်အရေးဆုကို ပြင်သစ်နိုင်ငံ၌ လက်ခံရယူခြင်းနှင့် လွန်ခဲ့သည့် (၁၉)နှစ်က ပေးအပ်ထားသည့် ဂုဏ်ထူးဆောင် ရောမမြို့တော်သူဆုကို အီတလီနိုင်ငံ၌ ကိုယ်တိုင်လက်ခံ ရယူခြင်းများ ပြုလုပ်ခဲ့သည်။

ထို့ပြင် ဗြိတိန်သို့ ရောက်ရှိစဉ်အတွင်း မြောက်အိုင်ယာလန် Belfast မြို့ရှိ Wellington ကောလိပ်တွင် အမှာစကား ပြောကြားခြင်းနှင့် အင်္ဂလန်တောင်ပိုင်း ကင်ဘာလေမြို့ရှိ ကမ္ဘာကျော် Sandhurst စစ်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားခြင်းများ ပြုလုပ်ခဲ့သည်။

ထို့ပြင် ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ အိမ်ရှေ့မင်းသား ချားလ်စ်အပါအ၀င် နိုင်ငံရေး ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေး အပါအ၀င် မြန်မာ့ဒီမိုကရေစီ အရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ခရီးစဉ်အတွင်း ဘီဘီစီ မီဒီယာနှင့် တွေ့ဆုံရာတွင် လူမျိုးရေး အသွင်ဆောင် ပဋိပက္ခများ၌ လူနည်းစု မွတ်စလင် ဘာသာဝင်များအား ပစ်မှတ်ထား တိုက်ခိုက်နေသည့်အသွင် ရှိနေသည် ဆိုသည့်အပေါ် မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် လူမျိုးသုဉ်း သတ်ဖြတ်မှုများ မရှိကြောင်း၊ နိုင်ငံတကာ အနေနှင့် နားလည်ပေးရန် လိုသည်မှာ ကြောက်ရွံ့ထိတ်လန့် မှုများသည် မွတ်စလင် အသိုင်းအ၀ိုင်း ကြားတွင်သာ ရှိသည်မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင်များ တွင်လည်း ရှိနေကြောင်း စသည်ဖြင့် ဖြေကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ပြီးပြည့်စုံရန် ဥရောပသမဂ္ဂနှင့် အီးယူခေါင်းဆောင်များက ဖိအားပေးရန်လိုကြောင်း၊ ဒီမိုကရေစီ အားကောင်းလာစေရန် နိုင်ငံရေးတွင် စစ်တပ်၏ အထူးနေရာကို ရပ်ဆိုင်းဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုကြောင်းများကိုလည်း ရောက်ရှိသည့် နိုင်ငံများတွင် ပြောကြားခဲ့ကြောင်း သက်ဆိုင်ရာ နိုင်ငံများ၏ သတင်းများတွင် ဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာတွင် နောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီး ၂၀၁၂ ခုနှစ် မေ ၂၉ ရက်တွင် ထိုင်းနိုင်ငံသို့ သွားရောက်မှုမှ စတင်ကာ ပြည်ပခရီးစဉ်များ ဆက်တိုက် သွားရောက်ခဲ့ပြီး ယခုခရီးစဉ်သည် ဥရောပသို့ တတိယမြောက် သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သွားရောက်ခဲ့သည့် ပြည်ပခရီးစဉ် အားလုံးတွင် သက်ဆိုင်ရာ နိုင်ငံများမှ ထိပ်တန်းခေါင်းဆောင်များ၏ အလေးထား ကြိုဆိုခြင်းကို ခံခဲ့ရပြီး မြန်မာ့ဒီမိုကရေစီ အရေးအတွက် အကျိုးရှိနိုင်မည့် အကြောင်းအရာများနှင့် အကူအညီများကို ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။

အေးချမ်းမွန် Credit To > Eleven Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top