0

လောကရဲ့ ဆန်းကြယ်ထွေပြားတဲ့ အဖြစ်တွေက ကျွန်မတို့ မိသားစုကို တို့ထိ ကျီစယ်သွား တယ်။ စစ်အာဏာရှင် စနစ်အောက်မှာ နိုင်ငံရေး အကျဉ်းကျ မိသားစုအဖြစ်၊ ဒုက္ခသည်အဖြစ် ဘ၀နှစ်မျိုးကို ကျွန်မ ရင်ဆိုင်ခဲ့ရတယ်။ “လောကဓံက လူတစ်ယောက် ခံနိုင်ရုံလောက်ပဲ ပေးတယ်”လို့ လူကြီးတစ်ယောက်က ကျွန်မကို နှစ်သိမ့်ဖူးပါတယ်။ တကယ်တမ်းတော့လည်း လောကဓံကို ခံနိုင်ရည်ရှိအောင် ကာယကံရှင်က အရင်ဆုံး ကြိုးစားရတာပါ။
ကျွန်မတို့ မိသားစု အနှစ် ၃၀ နီးပါး နေထိုင်ခဲ့ရာ သင်္ဃန်းကျွန်း ဆ-ခ ခြံကြီးဟာ ကျွန်မတို့ မောင်နှမတွေကို ရင်းနှီး နွေးထွေးစေခဲ့ပါတယ်။ ဖေဖေ ကိုကိုးကျွန်းက လွတ်လာပြီး နောက်ပိုင်း လွတ်မြောက်သူရဲ့ မိသားစုဘ၀ကို စတင် တည်ထောင် နေထိုင်ခဲ့ရတဲ့ နေရာဆို မှားမယ် မထင်ပါဘူး။ သီးပင်စားပင် အပင်ရာကျော်ရှိတဲ့ ခြံကြီးထဲမှာ မေတ္တာရှိရင် အိမ်ဖြစ်တယ်ဆိုတဲ့ စကားအတိုင်းပါပဲ။ မြေစိုက်တဲကြီးထဲမှာ ကျွန်မတို့ မိသားစု ပူးပူးကပ်ကပ် တိုးတိုးဝှေ့ဝှေ့ နေထိုင်ခဲ့ရတဲ့ မေတ္တာအိမ်ပါ။
အိုးပိုင် အိမ်ပိုင်ဆိုတဲ့ အသိက ကျွန်မတို့ကို စိတ်ခွန်အား ဖြစ်စေပါတယ်။ အိမ်လခ အတွက် ကျွန်မတို့ မပူခဲ့ရဘူး။ အိမ်ရှင်နဲ့ အဆင်ပြေပါ့မလားဆိုတဲ့ အတွေး ကျွန်မတို့ မတွေးခဲ့ပါဘူး။ ကိုယ့်ခြံ ကိုယ့်ဝန်းလေးထဲမှာ ကိုယ့်သဘော ကိုယ့်စိတ်ကြိုက် နေထိုင်နိုင် ခဲ့ပါတယ်။
မိုးကုန်ခါနီးလောက်ဆို ဖေဖေက ဘူးမျိုးစေ့တွေ ချထားပါတယ်။ ဘူးပင်ပေါက်လေး တွေကို ခိုင်ခံ့တဲ့ မြေပေါင်မှာ သဘာဝမြေသြဇာကျွေးပြီး စိုက်ပါတော့တယ်။ ရေရှားတဲ့ နေရာမို့ ရေချိုးတိုင်း မြေပေါင်နားမှာ ကျွန်မတို့ကို ဖေဖေ ရေချိုးခိုင်းတာကိုလည်း မှတ်မိနေပါတယ်။
ရာသီအလိုက် ပွင့်တတ်တဲ့ ပန်းတွေထဲမှာ ခြံထောင့်က ဆိတ်ဖလူးပန်းပင်ကြီးကိုလည်း ကျွန်မ မမေ့နိုင်ခဲ့ဘူး။ မနက်ဝေလီဝေလင်းမှာ ပန်းထကောက် နှီးကြိုးနဲ့ ပန်းသီပြီး ပန်းရောင်းတဲ့ ကျွန်မကို ဖေဖေ့ရဲဘော်တွေက “မိသန္တာမှာ ဘ၀ရှိတယ်” လို့ အားပေးတတ် တယ်။ ဒီစကားရဲ့ လေးနက်တဲ့ အဓိပ္ပာယ်ကို အသက်ကြီးလာလေ လောကဓံနဲ့ ရင်ဆိုင်ရလေ ကျွန်မ ပိုသိလေပါ။
ဖေဖေက သူ့ချွေးနှဲစာလေးနဲ့ ၀ါးကြမ်းခင်းကနေ သစ်သားခင်းဖြစ်အောင် ကြိုးစား ခဲ့ပါတယ်။ အိမ်အမိုးကတော့ ဓနိမိုးပါ။ မိုးကျခါနီး သင်္ကြန်ပြီးတဲ့အချိန်ဆို ကျွန်မ မောင်အလတ် ဗညားဇင်နဲ့ ဖေဖေ ပုဆိုးခါးပုံစထဲ နှီးစထည့် အိမ်ခေါင်မိုးပေါ်တက်ပြီး အိမ်မိုးရပါတယ်။ ကျွန်မနဲ့ ညီမလေး က ဓနိပျစ်တွေ ယူပေးရပါတယ်။ မောင်အငယ်ဆုံး လဂွန်းအိန် ကတော့ အမှိုက်ကောက်ရတယ်။ မေမေကတော့ ခေါင်းပေါင်းပြီး ကျွန်မတို့အတွက် ထမင်းမြိန်အောက် ဖွယ်ဖွယ်ရာရာ ချက်ပါတော့တယ်။
ကျွန်မတို့က တံစက်မြိတ်လောက်ဆို မတ်တတ်ရပ် ဓနိမိုးပြီး နှီးချည်တတ်တယ်။ သဘာဝလုပ်အားနဲ့ ရင်းနှီး အောင် ဖေဖေက ကျွန်မတို့ မောင်နှမတွေကို ငယ်ငယ် ကတည်းက သင်ပေးခဲ့တယ်။ ဒါကြောင့်လည်း ဒုက္ခသည် စခန်းထဲက တဲအိမ်လေးမှာ အင်ဖက်မိုး ရတော့ တဲနီးချင်း တွေက အင်ဖက်မိုး နှီးချည်နေတဲ့ ကျွန်မကို အံ့သြနေကြ တယ်။
“ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်သလို ဖြစ်တာ မဟုတ်ဘူး၊ သူဖြစ်ချင်သလို ဖြစ်တာ” ဆိုတဲ့ စကားအတိုင်းပါပဲ။ ကျွန်မတို့ အနှစ် ၃၀ နီးပါး နေထိုင်ခဲ့ရတဲ့ ပေ ၁၂၀ ပတ်လည် ခြံကြီး အပါအ၀င် ဆ-ခ တစ်ရပ်ကွက်လုံးကို မေခ-မလိခ အိမ်ရာဆောက်မယ် ဆိုပြီး အဖျက်ခံလိုက် ရပါတယ်။ ကျွန်မတို့ကို ပေးတဲ့ လျော်ကြေးက မေခ မလိခ အိမ်ရာရဲ့ ခြံစည်းရိုးဖိုးတောင် မရှိဘဲ ခြံတံခါးဖိုးလောက်ပဲ ပေးခဲ့တာပါ။
မြေကွက် အစားပေးတဲ့ မြောက်ဒဂုံ အရှေ့ပိုင်းခရိုင် ရွာသာကြီး စိတ်ကျန်းမာရေးနားကို လိုက်မနေဘဲ ငမိုးရိပ်ချောင်း မကျော်တဲ့ တောင်ဥက္ကလာ ၁၀ ရပ်ကွက် နားမှာ အိမ်ပြန်ဝယ်ဖို့ ဖေဖေနဲ့ မေမေက ကြိုးစားခဲ့ပါတယ်။ ဖေဖေက နိုင်ငံရေးသမားပီပီ ဘ၀ရပ်တည်မှုကိုပါ နိုင်ငံရေး ပါအောင် ထည့်စဉ်းစားတယ်။
“၈၈ အရေးအခင်းပြီး အာဏာ သိမ်းပြီးနောက်ပိုင်း မြို့သစ်တွေဖော်၊ တက်္ကသိုလ် တွေကို မြို့သစ်မှာတည်ပြီး လူစု ခွဲတာ၊ ငမိုးရိပ်ချောင်းတံတား ပိတ်လိုက်တာနဲ့ မြို့သစ်နဲ့ မြို့ထဲ အဆက်အသွယ် ပြတ်ပြီ၊ ဒါ ပထ၀ီ နိုင်ငံရေးအရ န.၀.တ က စဉ်းစားတာ မြို့သစ်တည်ရင် မြို့အင်္ဂါရပ်နဲ့အညီ အရင်လုပ်ပေး ရမယ်၊ ဆေးရုံဆေးခန်း ဘယ်မှာ ဆောက်ပေးလို့လဲ။
နေ ထိုင် မ ကောင်း လို့ ကျန်းမာရေး အရေးပေါ် အခြေ အနေဆို လမ်းမှာတင် အသက် ထွက်မယ်၊ သင်္ဃန်းကျွန်း စံပြဆေးရုံ၊ ရန်ကုန်ဆေးရုံကြီး ကိုရောက်ဖို့ ၁ နာရီကျော် ၂ နာရီလောက် အချိန်ယူရမယ်၊ လုပ်ငန်းခွင် သွားနိုင်ဖို့ အချိန်ယူရတဲ့အတွက် နားချိန် မရှိနိုင်တော့ဘူး ဒီတော့ ဥက္ကလာ၊ သင်္ဃန်းကျွန်း နားမှာပဲ အိမ်ဝယ်နိုင်ဖို့ စဉ်းစားကြိုးစား” လို့ ဆိုပါတယ်။
မြို့သစ်ရဲ့ ဒုက္ခကို ကျွန်မတို့ မခံစားခဲ့ရပါဘူး။ မြေကွက် အစားရတော့ ဖေဖေနဲ့ မေမေက ကျွန်မကို အမွေပေးပါတယ်။ ၁၉၉၆ မှာ ကားဈေးတွေကျ မြေဈေးတွေ တက်သွားတဲ့ အချိန်မှာ ပေ ၄၀ x ၆၀ ထောင့်ကွက် မြေနဲ့ အိမ်လေးကို ၁၁ သိန်း ပေးဝယ်တာကို ကျွန်မ မရောင်းခဲ့ပါဘူး။ ရန်ကုန်မှာ ဘ၀ ရပ်တည်နိုင်ဖို့ မလွယ်ဘူးဆိုတဲ့အတွေး ကျွန်မှာ အမြဲ ရှိပါတယ်။
၁၉၉၈ ဖေဖော်ဝါရီ ၁၈ ရက်မှာ ခင်ပွန်းသည် နိုင်ငံရေးမှုနဲ့ အဖမ်းခံရပြီး ဝေးလံခေါင်သီတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်လေး အကျဉ်းထောင်ကို ပြစ်ဒဏ် ၁၄ နှစ်နဲ့ အပို့ခံလိုက်ရပါတယ်။ မော်လိုက်လေး အကျဉ်းထောင်ကို ခင်ပွန်းသည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၁၅ ဦးနဲ့ ဖွင့်ခဲ့သလို ထောင်ဝင်စာကို ကျွန်မနဲ့ စတင် ဖွင့်လိုက်တာမို့ ထောင်ပိုင် ဗိုလ်သာဦးက “ခင်ဗျားကို ဆုပေးမယ်”ဆိုတော့ စိတ်ဆိုးဆိုးနဲ့ ကျွန်မ ဘုတောခဲ့သေး တယ်။ ရန်ကုန်ကနေ ကလေးမြို့ အကျဉ်းထောင်ကို သွားရတဲ့ ခရီးစရိတ်က တစ်ခေါက်သွား ရွှေတစ်ကျပ်သားဖိုး ရှိတာမို့ ကျွန်မ အိမ်မြေကွက်လေးပေါင်ပြီး ထောင်ဝင်စာ တွေ့ခဲ့ရတယ်။ “လူသာအိပ်တာ အတိုး မအိပ်ဘူး” ဆိုတဲ့ စကားအတိုင်းပါပဲ အတိုးတွေ တက်ပြီး ကျွန်မမြေနဲ့ အိမ်လေး အပေါင်ဆုံးသွားတယ်။
ခင်ပွန်းသည်အတွက် ထောင်ဝင်စာခရီး ၈ နှစ်၊ ဘ၀တူ တွေကို အဖော်ပြုပေးတဲ့ ထောင်ဝင်စာခရီး ၂ နှစ်၊ ပေါင်း ၁၀ နှစ်ခရီးကို ကျွန်မ ယုံကြည်ချက် ခွန်အားတွေနဲ့ ဖြတ်သန်း ခဲ့ပါတယ်။ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ မြန်မာနိုင်ငံသမိုင်းကို ပြုပြင် ဖန်တီးရာမှာ ကူညီအားပေး ထောက်ခံ ပံ့ပိုးသူအဖြစ် ကျွန်မ ပါဝင်ရမယ်ဆိုတဲ့ ယုံကြည်ချက်ပါ။
ခင်ပွန်းသည် အပြင်လောကရောက်ပြီး ၂ နှစ်အကြာမှာ ခေတ်စနစ်က ဒုက်္ခသည်အဖြစ် ကျွန်မကို တွန်းပို့လိုက်တယ်။ ဘ၀လုံခြုံမှုအတွက် ရိက္ခာနဲ့ သိက္ခာ လဲခဲ့ရတာ ထိုင်းနိုင်ငံ နို့ဖိုးဒုက်္ခသည် စခန်းမှာ ၄ နှစ်ခွဲ ကြာခဲ့ပါတယ်။ မြန်မာပြည် ပြန်ရောက်တဲ့ အချိန်မှာ ကျွန်မတို့ နေစရာအိမ် မရှိခဲ့ပါဘူး။ ၅၉ နှစ် ပြစ်ဒဏ်ကျခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုအေးအောင် မိဘတွေက သူတို့အိမ် အပိုရှိရာ တောင်ဒဂုံမှာ နေထိုင်ခွင့်ပြုခဲ့ပါတယ်။ ရေရှည်မှာ အိမ်ပိုင်မရှိတဲ့ ကျွန်မတို့အတွက် အိမ်ငှားနေမှ ဖြစ်မယ်ဆိုပြီး သီတင်းကျွတ် ပြီးတာနဲ့ အိမ်ငှားဖို့ ကြိုးစားပါတော့တယ်။
အိမ်လခတွေကတော့ တောင်ဒဂုံမြို့သစ် ၁၈ ရပ်ကွက် ၂၀ ရပ်ကွက်မှာတောင် တစ်လ ၆ သောင်း အနိမ့်ဆုံး ဖြစ်ပြီး ပွဲခတစ်လစာပေး အိမ်စာချုပ် ချုပ်ရတာမို့ အိမ်ငှားခ ဈေးများရင် များသလို ပွဲခပါ ဈေးများနေပါတယ်။ အိမ်ငှားတွေရဲ့ ဒုက္ခထဲမှာ ၆ လတစ်ကြိမ် စာချုပ်ပြီးတာနဲ့ ပွဲစားက ပွဲခအသစ်ရအောင် အိမ်ရှင်ကို တွန်းအားပေးတတ်တယ်တဲ့။ “ခု အိမ်ငှားတွေက ညစ်ပတ်တယ်၊ ဧည့်များတယ်၊ နောက် အသစ်ရှာပေးမယ်၊ ဒီထက် ဈေးပိုရမယ်”လို့ ဆိုပါတယ်။ ဒီတော့ အိမ်ငှားကလည်း နောက်အိမ်သစ် ရှာရမယ့် အခက်အခဲ၊ ပြောင်းရွှေ့ရတဲ့ ဒုက္ခတွေကြောက်ပြီး ပွဲစားကို ၆ လပြည့်တာနဲ့ မုန့်ဖိုးသဘော မျိုးပေး ပေါက်ဈေးဖြစ်နေတဲ့ အိမ်လခအတိုင်း အိမ်ရှင်နဲ့ညှိပြီး တိုးပေးရပါတယ်။
ဒီလို အခက်အခဲတွေကြား ကျွန်မ နေ့စဉ် အိမ်ရှာ ရပါတယ်။ အိမ်ရှင်နဲ့ ငှားမယ့်အိမ်ကို တိုက်ရိုက်မတွေ့ရဘဲ ဘယ်နေရာမှာ အိမ်ငှားမယ်ဆိုပြီး အဟုတ်မှတ် လိုက်သွား ပွဲစားရဲ့ ပွဲစားဆိုတာနဲ့ပဲ တွေ့ပြန်ရတဲ့ အခေါက်တွေ မနည်း ပါဘူး။ တစ်နေ့တော့ “အိမ်ရပြီ၊ အိမ်ရှင်နဲ့ တိုက်ရိုက်တွေ့ရမယ် ငွေယူလာခဲ့ စာချုပ်တစ်ခါတည်းချုပ်ဖို့”ဆိုတဲ့ သတင်းက ကျွန်မ အတွက် ထီပေါက်သလို ခံစားလိုက်ရတယ်။
အိမ်လေးက သစ်သား တစ်ထပ်အိမ်လေး။ ဒုက္ခသည် အဖြစ် ၀ါးသဲပွတ်ကြမ်းပေါ် ၄ နှစ်ကျော် နေလာခဲ့ရတဲ့ ကျွန်မအတွက် လျှာထိုးခင်း သစ်သားကြမ်းကို နင်းလိုက် ရတော့ သိပ်ကို ပီတိ ဖြစ်မိတယ်။ ခြေရင်းခေါင်းရင်းက တိုက်အိမ်၊ ခြံစည်းရိုးက တောင့်တောင့် တင်းတင်းမို့ ကျွန်မ သိပ်ကို သဘောကျသွားတယ်။ အိမ်ကို ကျွန်မ သဘောကျ ပေမယ့် ကျွန်မကိုတော့ အိမ်ရှင်က သဘောမကျခဲ့ပါဘူး။ ကျွန်မကိုတွေ့တာနဲ့ တစ္ဆေသရဲ မြင်သလို ကြောက်သွားတယ်။
“ခင်ဗျား လွန်ခဲ့တဲ့ ၁၅ နှစ်က ဒီလမ်းထိပ်မှာ အအေး ရောင်း ထောင်ဝင်စာတွေ့ NLD မှာ လှုပ်ရှားခဲ့တာမို့လား၊ ကျွန်တော် မှတ်မိတယ်၊ ဒီအိမ်ပေါ်မှာနေတဲ့သူက နိုင်ငံရေး ကင်းရှင်းရမယ်၊ ကျွန်တော့်အိမ် အသိမ်းခံရမှာ ကြောက်တယ်” တဲ့။
အိမ်ကို သဘောကျနေတဲ့ ကျွန်မက “ဒီနေ့ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တောင် လက်ဆွဲ နှုတ်ဆက်နေကြပြီပဲ၊ ရှင်က ဘာကို ကြောက်နေရမှာလဲ”လို့ လေချိုသွေး မိသေးတယ်။
“ကြောက်စရာရှိလို့ ကြောက်တာပေါ့ဗျာ၊ ဘာတွေ ပြောင်းလဲနေလို့လဲ၊ ပြောင်းလဲ နေတယ်လို့ ကျွန်တော် မခံစားမိဘူး”တဲ့။
ကျွန်မ အတိတ်ကို ပြန်ကြည့်ရင် ပင်ပန်းဆင်းရဲမှုနဲ့ စိတ်ထိခိုက်စရာပါပဲ။ ဒါပေမဲ့ ကျွန်မ အတိတ်ဟာ အရောင် မမှိန်ခဲ့ပါဘူး။ အဲဒီအတွက် ကျွန်မ ဂုဏ်ယူကြည်နူး ရပါတယ်။
“လူထုက သူ့ဘ၀နဲ့ ရင်းသိတယ်”ဆိုတဲ့ စကားကို သတိရတိုင်း အိမ်ရှင်လူကြီးကို ကျွန်မ စိတ်မဆိုးနိုင်ခဲ့ပါဘူး...။

နှင်းပန်းအိမ်

ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၇၃ မှ ဆရာမ နှင်းပန်းအိမ်၏ ဆောင်းပါး ...

အေးချမ်းမွန် Credit To > ပြည်သူ့ခေတ်ဂျာနယ်

Post a Comment

 
Top