0


ခတ္တမန္ဒူ၊ နိုဝင်ဘာ ၂၂

မသမာမှုများ ပေါ်ပေါက်ခဲ့သော နီပေါ ရွေးကောက်ပွဲ မဲရေတွက်မှုကို ချက်ချင်း ရပ်တန့်ပေးရန် မောဝါဒီ ပါတီခေါင်းဆောင် ပရာချန်ဒါက တောင်းဆိုလိုက်ပြီး ရပ်တန့် မပေးပါက ရွေးကောက်ပွဲကို သပိတ်မှောက်သွားမည်ဟု ခြိမ်းခြောက် လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲတွင် မသမာမှုများ အမြောက်အမြား ဖြစ်ပွားခဲ့ပြီး ယင်းမှာ လျှို့ဝှက်လုပ်ကြံမှု တစ်ရပ် ဖြစ်ကြောင်း မော်ဝါဒီ ခေါင်းဆောင်က စွပ်စွဲလိုက်သည်။

ထို့အပြင် စုံစမ်းစစ်ဆေးမှုများကို ချက်ချင်း ပြုလုပ်နိုင်ရန် မဲရေတွက်မှုကို ရပ်ဆိုင်းပေးသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“မဲရေတွက်မှုကို ရွေးကောက်ပွဲ ကော်မရှင်က ချက်ချင်း ရပ်မပေးဘူးဆိုရင် ရွေးကောက်ပွဲ လမ်းစဉ် တစ်ခုလုံးကို သပိတ်မှောက်သွားမယ်။ အခြေခံဥပဒေ ညီလာခံကိုလည်း သပိတ်မှောက်မယ်” ဟု ၎င်းက ပြောကြားသည်။

ဗဟိုဝါဒီ နီပေါ ကွန်ဂရက်ပါတီက မဲဆန္ဒနယ် အများစုတွင် အသာစီးရနေပြီး မော်ဝါဒီများက တတိယ နေရာတွင် ရောက်ရှိနေကြောင်း နောက်ဆုံး ပေါ်ထွက် လာသည့် ရွေးကောက်ပွဲ ရလဒ်များတွင် ဖော်ပြထားပြီးနောက် ပရာချန်ဒါ၏ ခြိမ်းခြောက်မှု ပေါ်ထွက်လာခြင်း ဖြစ်သည်။

မဲပုံးများကို မဲရုံများမှ ရေတွက်သည့် နေရာများသို့ သယ်ဆောင်စဉ် မသမာမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ပြည်သူ့ အဆုံးအဖြတ်ကို လက်ခံသော်လည်း မသမာမှုများကို လက်ခံမည် မဟုတ်ကြောင်း မော်ဝါဒီ သူပုန် ခေါင်းဆောင်ဟောင်းက ပြောကြားသည်။

သို့သော်လည်း ပရာချန်ဒါ၏ တောင်းဆိုချက်များကို လက်ခံမည် မဟုတ်ဟု နီပေါ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည်။

လက်ရှိ ရွေးကောက်ပွဲမှာ မော်ဝါဒီများ၏ ၁၀ နှစ်ကြာ လက်နက်ကိုင် တော်လှန်မှု ၂၀၀၆ ခုနစ်တွင် ရပ်ဆိုင်းသွားပြီးနောက် ဒုတိယအကြိမ် ကျင်းပသော ရွေးကောက်ပွဲ ဖြစ်သည်။

ရွေးကောက်ပွဲတွင် မဲပေးသူပေါင်း ၇၀ ရာခိုင်နှုန်းထိ ရှိပြီး မျှတပြီး လွတ်လပ်မှု ရှိကြောင်း နိုင်ငံခြား လေ့လာစောင့်ကြည့် သူများက ပြောကြားသည်။

၂၀၀၈ ခုနှစ်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ရွေးကောက်ပွဲတွင် မော်ဝါဒီ များက အနိုင်ရရ ခဲ့သော်လည်း မဲအများစု ရရှိခဲ့ခြင်း မရှိပေ။

ရွေးကောက်ပွဲ အောင်နိုင်ပြီးသည့် နောက်တွင် ပရာချန်ဒါက ပြည်တွင်း စစ်ပြီးကာလ နောက်ပိုင်း ပထမဆုံး ဝန်ကြီးချုပ်အဖြစ် ၂၀၀၈ ခုနှစ်တွင် စတင်တာဝန်ယူ ခဲ့သော်လည်း နီပေါစစ်တပ်နှင့် သဘောထား ကွဲလွဲခဲ့ခြင်းကြောင့် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ပြီး ကိုးလအကြာတွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။

နှစ်ပေါင်း ၂၄၀ သက်တမ်းရှိသည့် နီပေါ ဘုရင်စနစ်ကို ၂၀၀၈ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပြီး နီပေါနိုင်ငံကို သမ္မတနိုင်ငံ စနစ်ဖြင့် အုပ်ချုပ်ရန် ရည်ရွယ်ကာ ရွေးကောက်ပွဲများ ကျင်းပကာ အခြေခံဥပဒေ ရေးဆွဲရန် စီစဉ်ခဲ့သော်လည်း ယခုအချိန်ထိ အခြေခံဥပဒေ ရေးဆွဲနိုင်ခြင်း မရှိသေးပေ။

ပထမအကြိမ် ရွေးကောက်ပွဲ ကျင်းပခဲ့သည့် ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင် အစိုးရအဖွဲ့ ငါးဖွဲ့ထိ ဖွဲ့စည်းခဲ့ပြီး နှစ်ဖွဲ့မှာ မော်ဝါဒီများက ဦးဆောင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အေးချမ်းမွန် Credit To > The Voice Weekly

Post a Comment

 
Top