0

ရန်ကုန်၊ နိုဝင်ဘာ ၂၀

မြန်မာနိုင်ငံတွင်း ရိုက်နှိပ် ထုတ်ဝေ သုံးစွဲလျက် ရှိသည့် ငွေစက္ကူများတွင် သမ္မတပုံ သုံးစွဲမည်ဆိုပါက ကန့်ကွက်မည် ဖြစ်ကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် နက္ခတ်ဗေဒ ပညာရှင် ဆရာစံဇာဏီဘိုက မြန်မာသံတော်ဆင့်သို့ ပြောသည်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး နိုဝင်ဘာ ၁၃ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က နိုင်ငံတော်သုံး ငွေစက္ကူများတွင် နိုင်ငံ့ခေါင်းဆောင် လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံဖြင့် ရိုက်နှိပ် အသုံးပြု ရန် ပြည်သူ့လွှတ်တော်၌ အဆို တင်သွင်းခဲ့ရာ၌ မြန်မာနိုင်ငံသုံး ငွေစက္ကူများတွင် နိုင်ငံရေးပါတီ အမှတ်တံဆိပ်ဖြစ်သည့် ခြင်္သေ့ပုံ ရိုက်နှိပ်ခြင်း ကို ထည့်သွင်း ပြောကြားခဲ့သည်။

ဦးသိန်းညွန့်၏ အဆိုအပေါ် မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးက မြန်မာနိုင်ငံ ဗဟိုဘဏ် အနေဖြင့် နောက်ထပ် ငွေစက္ကူများ ထပ်မံ ထုတ်ဝေသည့်အခါ နိုင်ငံ့ခေါင်းဆောင်၊ ထင်ရှားသည့် ရှုခင်းများ၊ အဆောက်အအုံများ၊ အထိမ်းအမှတ်များ စသည့်ပုံများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထည့်သွင်း ရိုက်နှိပ်မည်ဟု ဖြေကြားမှု ရှိခဲ့သည်။

အဆိုပါ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ၏ ဖြေကြားမှုနှင့် စပ်လျဉ်း၍ ဆရာစံဇာဏီဘိုက ““လူတစ်ဦး တစ်ယောက်ရဲ့ ဓာတ်ပုံ ထည့်တာ ဒါ အမေရိကန်နိုင်ငံက စတာ။ သူများ တိုင်းပြည်တွေမှာ ဘုရင်ပုံစံနဲ့ လုပ်တယ်။ တိုင်းပြည် တစ်ပြည်မှာ မျက်နှာဖုံးပေါ်မှာ ပုံက သမ္မတပုံ ပါလာရင် ကျန်တဲ့သမ္မတတွေပါ ပါလာမှာပေါ့။ ဘယ်ဟန်မလဲ။ ဗေဒအရ ပြောတာ မဟုတ်ဘူး။ အစဉ်အဆက် နိုင်ငံရေး လုပ်ခဲ့တဲ့ ထောင်ကျခဲ့တဲ့၊ ပေးဆပ်ခဲ့တဲ့ ရင်ထဲက စကားပါ။ သမ္မတမှ မဟုတ်ဘူး။ တခြားလူပုံဆိုရင်လည်း ကန့်ကွက်မှာပဲ။ သတ္တ၀ါပုံ သုံးရင် မြင့်မြတ်တဲ့ သတ္တ၀ါပုံပဲ သုံးရမှာ”” …ဟူ၍ မြန်မာသံတော်ဆင့်သို့ ဖြေကြားခဲ့သည်။

မြန်မာပြည်တွင် ငွေကြေး စတင်သုံးစွဲရာ သတ္တ၀ါရုပ်ပုံနှင့် သုံးစွဲခဲ့ပြီး ပျူခေတ်တွင် ဒေါင်းဒင်္ဂါးပုံဖြင့် သုံးစွဲခဲ့သည်။ ဦးနေ၀င်း လက်ထက်တွင် လူပုံကို စတင် အသုံးပြုခဲ့ပြီး သမိုင်း အစဉ်အဆက်အရ မြန်မာကျပ်ငွေများတွင် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ဆရာစံ၊ သခင်ဖိုးလှကြီး စသည့် ထင်ရှားသော ခေါင်းဆောင်များ၏ ရုပ်ပုံများကို ဂုဏ်ပြု ရိုက်နှိပ်ဖော်ပြခဲ့သည်။ ၁၉၅၂ ခုနှစ်မှစ၍ ခြင်္သေ့ပုံပါ ငွေစက္ကူများကို ထုတ်ဝေခဲ့ပြီးနောက် တန်ဖိုးကြီး ငွေစက္ကူများ ထုတ်ဝေရာတွင် ဆင်ဖြူတော်ပုံကို ရိုက်နှိပ် သုံးစွဲစေခဲ့သည်။

နွေးနွေး

အေးချမ်းမွန် Credit To > Myanmartandawsint Newspaper https://www.facebook.com/excellencemedia

Post a Comment

 
Top