0


အမေရိကန်ကဲ့သို့ ပွင့်လင်းခေတ်မီလွန်းသော လူ့အဖွဲ့အစည်းမျိုး တည်ရှိရာ နိုင်ငံတွင် အိမ်ထောင်တစ်ခု ပြိုကွဲခြင်းသည် ခက်ခက်ခဲခဲ ဆုံးဖြတ်ရမည့် ပြဿနာတစ်ခု မဟုတ်ချေ။ သို့သော်လည်း အဆိုပါ ပတ်ဝန်းကျင်မျိုးတွင် ဂျွန်ဘီတာနှင့် အန်းဘီတာတို့ သက်ကြီးရွယ်အို ဇနီးမောင်နှံကမူ တစ်ဘာသာ ထူးခြားကွဲထွက်နေသည်။ နိုဝင်ဘာလ (၂၅)ရက်နေ့တွင် ဘီတာဇနီးမောင်နှံသည် (၈၁)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ကို ဂုဏ်ယူဝမ်းမြောက်စွာ ဖြတ်သန်းခဲ့သည်။ ယခုအခါ ဂျွန်သည် အသက်(၁၀၂)နှစ် ရှိနေပြီး ဇနီးသည်အန်းက အသက်(၉၈)နှစ် ရှိနေပြီ ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် (၁၉၃၂)ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့က လက်ထပ်ခဲ့ခြင်းဖြစ်သည်။

စာရင်းအင်းများအရ ၎င်းတို့နှစ်ဦးသည် အမေရိကန်၏ သက်တမ်းအရှည်ကြာဆုံး ပေါင်းသင်းနေသော စုံတွဲအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။ ဂျွန်နှင့် အန်းတို့၏ လက်ထပ်ပွဲသည် ရင်ခုန်စရာ ဖြစ်ခဲ့ပြီး အန်း၏ ဖခင်က သူမကို အသက်(၂၀)ပိုကြီးသူ တစ်ဦးနှင့် ပေးစားရန် စီစဉ်သဖြင့် ဂျွန်နောက်သို့ ခိုးရာလိုက်ခဲ့ခြင်း ဖြစ်သည်။ ဂျွန်က "စဉ်းစားကြည့်ရင်တော့ ရယ်စရာကောင်းတယ်ဗျ။ အဲဒီတုန်းက ကျွန်တော့် ယောက္ခမကြီးကို အန်းရဲ့အဒေါ်က နှစ်သိမ့်တယ်။ ကျွန်တော်တို့နှစ်ယောက် အိမ်ထောင်ရေး သိပ်ပြီး အချိန်ကြာကြာ မြဲနေမှာ မဟုတ်ပါဘူးတဲ့"ဟု ဆိုသည်။ ဂျွန်သည် အသက်(၁၀၂)နှစ် ရှိပြီဖြစ်သည့်တိုင် ကားမောင်းနေဆဲ ဖြစ်သည်။ "ကျွန်တော် အန်းကို ခိုးပြေးတုန်းကလောက်တော့ ဘယ်မြန်မြန် မောင်းလို့ရတော့မလဲဗျ"ဟု အဘိုးအိုက ခပ်နောက်နောက် ပြောကြားခဲ့သည်။

အန်းကမူ "ခိုးရာလိုက်ဖို့ကလွဲရင် အဲဒီတုန်းက တခြားရွေးစရာလည်း မရှိဘူးလေ။ အဖေက ကျွန်မထက် အများကြီး အသက်ကြီးတဲ့သူ တစ်ယောက်နဲ့ ပေးစားချင်နေတာ။ ကျွန်မအသက်က အဲဒီအချိန်မှာ (၁၇)နှစ်လောက်ရယ် ရှိသေးတာ။ ဂျွန်က ကျွန်မတို့ လမ်းထဲမှာ နေတာပါ။ သူက အသက်(၂၁)နှစ်လေ။ ကျွန်မကို သူ့ရဲ့ Ford Roadsterကားလေးနဲ့ ကျောင်းလိုက်ပို့နေကျပေါ့"ဟု ပြန်ပြောင်း ပြောဆိုခဲ့သည်။ ဂျွန်က ကြားဖြတ်၍ "ဒါကြောင့် သူကျွန်တော့်ကို လက်ထပ်ခဲ့တာပေါ့။ သူက ကျွန်တော့်ကားကို မက်တယ်လေ"ဟုလည်း နောက်ပြောင်ခဲ့သေးသည်။ အဆိုပါ လင်မယား နှစ်ဦးလုံးသည် ယခုအချိန်ထိ ပျော်ပျော်ရွှင်ရွှင် စစနောက်နောက်ပင် ဖြစ်သည်။

ယင်းတို့နှစ်ဦး လက်ထက်ချိန်တွင် King Kong ရုပ်ရှင်သည် အဖြူအမည်း ရုပ်ရှင်ပိတ်ကားထက်တွင် နာမည်ကြီးနေဆဲ ဖြစ်သလို သမ္မတဖြစ်လာမည့် ဂျွန်အက်ဖ် ကနေဒီသည် အထက်တန်းကျောင်းသား ဘဝသာ ရှိသေးသည်။ "အဲဒီနောက်ပိုင်း ကမ္ဘာကြီး ဘာတွေပြောင်းလဲလာတယ် ဆိုတာကို ကျွန်တော်တို့ အတူတူ စောင့်ကြည့်ခဲ့ကြတယ်လေ"ဟုလည်း ဂျွန်က ဆိုသည်။ လက်ရှိတွင် လင်မယားနှစ်ဦးသည် လောင်းအိုင်းလန်းရှိ နေအိမ်တွင် အတူနေထိုင်လျှက်ရှိသည်။

၎င်းတို့တွင် သားသမီး(၅)ဦးရှိသည်။ ဂျွန်သည် အစောပိုင်းက ကုန်စုံဆိုင်လေး ဖွင့်ခဲ့ပြီး နောက်ပိုင်းတွင်မူ အိမ်ခြံမြေ အရောင်းအဝယ်အေးဂျင့် ဖြစ်လာသည်။ ဂျွန်တို့သည် ကလေး(၅)ဦးအနက် သမီးတစ်ဦးနှင့် တစ်ဦးတည်းသောသားတို့ကို ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။ သားဖြစ်သူသည် ကင်ဆာဖြင့် လွန်ခဲ့သော (၁၅)နှစ်က ကွယ်လွန်ခဲ့သည်။ အန်းက "ကိုယ့်မှာ သားသမီး ဘယ်နှယောက်ပဲ ရှိရှိ၊ ကိုယ့်အသက် ဘယ်လောက်ပဲရှိရှိပါ။ မိဘတစ်ယောက်အတွက် သားသမီးတစ်ယောက်ကို ဆုံးရှုံးရတယ်ဆိုတာ ဘယ်တော့မဆို အဆိုးရွားဆုံး ကိစ္စတစ်ခုပါပဲ"ဟု ဖွင့်ဟခဲ့သည်။ သူမက "ခုတော့လည်း အကြီးဆုံးသမီးတောင် အသက်(၈၀) ရှိနေပါပြီ"ဟုလည်း ပြောကြားခဲ့သည်။ သတင်းထောက်များက အိမ်ထောင်ရေး ရှည်ကြာတည်မြဲရသည့် အဓိက နည်းလမ်းကောင်းကို မေးမြန်းခဲ့ရာ ဂျွန်က "လွယ်ပါတယ်ဗျာ။ အဓိက အချက်ကတော့ ကိုယ့်မိန်းမ ပြောသမျှ အကုန်လုံး သဘောတူလိုက်ရင် ပြီးတာပါပဲ"ဟု ရယ်ရယ်မောမော ဖြေဆိုသွားသည်။

အေးချမ်းမွန် Credit To >Planet Myanmar Network
7

Post a Comment

 
Top