တနင်္သာရီတိုင်း ဒေသကြီးအတွင်း အကောင်အထည်ဖော်နေသော ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်း ဧရိယာအတွင်း ကျရောက်သည့် ဒေသခံများမှာ ၄င်းတို့၏ လယ်ယာမြေများကို မှတ်ပုံတင်ခွင့် ရရှိရန် အလိုရှိနေကြကြောင်း သိရသည်။
စီမံကိန်း ဧရိယာအတွင်းတွင် ဇုန်တွင်းနှင့် ဇုန်ပြင်ဟူ၍ ဧရိယာနှစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ဇုန်အပြင်ဘက်ရှိ မြေများကိုသာ မှတ်ပုံတင်ခွင့် ပြုလုပ်ပေးပြီး ဇုန်အတွင်းဘက်မှ မြေများကို မှတ်ပုံတင် ပြုလုပ်ပေးမည် မဟုတ်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် ရွာသားများမှာ ၄င်းတို့၏ ဇုန်အတွင်းပိုင်းရှိ လယ်ယာ၊ ဥယျာဉ်ခြံမြေများ ဆုံးရှုံးမည်ကို စိုးရိမ်နေပြီး မှတ်ပုံတင်ခွင့် ရရှိရန် လိုအပ်နေကြောင်း သိရသည်။
"ပြီးခဲ့တဲ့ ၇ လပိုင်းမှ ဒေသခံတွေ တောင်းဆိုချက်အရ ရွာကိုးကို ချန်ပေးခဲ့တယ်။ ချန်ထားခဲ့တဲ့ နေရာတွေကို တိုင်တွေစိုက်လိုက် တော့ဇုန်တွင်းနဲ့ ဇုန်ပြင်ဆိုပြီး ပေါ်လာပြီး တာဝန်ရှိသူတွေဘက်က ဇုန်ပြင်မှာရှိတဲ့ မြေတွေကို မှတ်ပုံတင်ခွင့်တွေ လုပ်ပေးခဲ့တယ်။ ဇုန်တွင်းမှာ ဒေသခံတွေရဲ့ ဥယျာဉ်နဲ့ လယ်မြေတွေ ပါသွားခဲ့တော့ ဇုန်ပြင်မှာ မှတ်ပုံတင် လုပ်ပေးသလိုမျိုး ဇုန်တွင်းက မြေတွေကိုလည်း မှတ်ပုံတင်ခွင့်ပေးဖို့ ရွာသားတွေက လိုလားကြတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ကျေးရွာလူမှု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြတောင်းဆိုသွားမှာ ဖြစ်ပါတယ်" ဟု ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (DDA)မှ ညှိနှိုင်းရေးမှူး ဦးလေးလွင်က ပြောကြားခဲ့သည်။
မြေယာမှတ်ပုံတင်ခွင့် ပြုလုပ်ပေးမှုနှင့် ပတ်သက်၍ ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူးကို မေးမြန်းခဲ့ရာ မြေယာမှတ်ပုံတင်၍ မရသော မြေများမှာ တပ်ပိုင်မြေ၊ သတ္တုမြေ၊ သစ်တောမြေ၊ အငြင်းပွားမှု ဖြစ်ပွားနေသော မြေများဖြစ်ကြောင်း အထူးစီးပွားရေးဇုန် နယ်နိမိတ်အတွင်း ပါဝင်နေသော မြေများမှာ အငြင်းပွားမှု ဖြစ်ပွားနေသော မြေများဖြစ်သောကြောင့် မှတ်ပုံတင် ထုတ်ပေး၍ မရကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ထားဝယ် အထူးစီးပွားရေးဇုန် ဧရိယာအတွင်းရှိ လယ်ယာမြေများအား ရှင်းလင်းမှု ပြုလုပ်နေစဉ်
)
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment