ဘုရားတည်လျှင် သာသနာပြုသည်ဟု အယူရှိကြသော မြို့သူမြို့သားများသည်
ငွေကြေးသာမက နားကနားကပ်ကိုပင် ချွတ်လှီူကြ၏။
အမှန်ကား ……
ဘုရားတည်ခြင်းကို သာသနာပြုခြင်းဟု မခေါ်ဆိုနိုင်။ဒါနပြုခြင်းဟုသာ ခေါ်ဆိုနိုင်၏။
သာသနာပြုလိုလျှင် …… သာသနာပြုသူကို လှူလိုလျှင် ……
သာသနာ၏ အဓိပ္ပါယ်ကို ဦးစွာသိအောင်လုပ်ရ၏။
သာသနာ၏ အဓိပ္ပါယ်မှာ " အဆုံးအမ" ဟူ၍ ဖြစ်၏။
မည်သူ၏ အဆုံးအမနည်းဟု မေးခဲ့လျှင် ဗုဒ္ဓ၏ အဆုံးအမဟု ဖြေရမည်။
ဗုဒ္ဓ၏ ဟောပြောဆုံးမချက်သည် " ဝိနည်း သုတ္တန် အဘိဓမ္မာ "ဟုသုံးပါးရှိ၏။
ထိုသုံးပါးတွင် ……
ဝိနည်းပိဋကတ်ကို အနှစ်ချုပ်လျှင် သီလသာသနာကို ရ၏။
သုတ္တန်ပိဋကတ်ကို အနှစ်ချုပ်လျှင် သမာဓိသာသနာကိုရ၏။
အဘိဓမ္မာပိဋကတ်ကို အနှစ်ချုပ်လျှင် ပညာသာသနာကိုရ၏။
သီလသာသနာသည် ကိုယ်နှင့်နှုတ်မှာ လွန်ကျူးမည့် " ဝီတိက္ကမ"ကိလေသာကို ပယ်သတ်ခြင်း ပြု၏။
သမာဓိ သာသနာသည် စိတ်ထဲမှာ ထကြွသောင်းကျန်းလာမည့် " ပရိယုဋ္ဌာန " ကိလေသာကို ပယ်သတ်၏။
ပညာသာသနာသည် အကြောင်းတိုက်ဆိုင်မှ့ ဖြစ်ပေါ်လာမည့် စိတ်အစဉ်တွင် ကိန်းအောင်းနေသော
" အနုသယ" ကိလေသာကို ပယ်သတ်၏။
ထို့ကြောင့် ထိုသီလ သမာဓိ ပညာ သိက္ခာ သုံးပါးကို လူတွေရင်ထဲရောက်အောင် စာသင်တိုက်များ ဖွင့်လှစ်၍
စာပေများ ပို့ချသင်ကြားပေးခြင်း ရိပ်သာများဖွင့်လှစ်၍ တရားဟောကြားပြသပေးခြင်း တရားစခန်းများ ဖွင့်လှစ်ခြင်း
တရားပွဲများ ကျင်းပခြင်းသည် သာသနာပြုခြင်းပင် ဖြစ်သည်။
မေတ္တာရှင်ရွှေပြည်သာဆရာတော်၏ ဆရာကောင်းကို ရှာဖွေခြင်းမှ ကောက်နုတ်ဖော်ပြပါသည်။
Posted by Words of Buddha
https://www.facebook.com/pages/Words-of-Buddha/478034822228446
အေးချမ်းမွန် Credit To > Words of Buddha
Post a Comment