မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲအမီ လေကြောင်း ရဲတပ်ဖွဲ့အင်အားကို တိုးချဲ့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် လေကြောင်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးချုပ် နေ၀င်းက နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
ယင်းကဲ့သို့ လေကြောင်း ရဲတပ်ဖွဲ့အင်အားကို တိုးချဲ့ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလ၌ မြန်မာနိုင်ငံအတွင်းရှိ လေဆိပ်များတွင် လုံခြုံရေးကို အထူးတင်းကျပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
လေဆိပ်များအတွင်း လုံခြုံရေးဆောင်ရွက်ရာ၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့အတူ ကာစတန်၊ လ၀ကစသည့် ၀န်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လေကြောင်းရဲတပ်ဖွဲ့မှူးက ပြောကြားသည်။
"မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ နိုင်ငံတကာအဆင့်မီ စက်ပစ္စည်းတွေနဲ့ အခြားဖြည့်ဆည်းရမယ့် အပိုင်းတွေကို ဖြည့်ဆည်း ဆောင်ရွက်နေပါတယ်။ လေကြောင်း ရဲတပ်ဖွဲ့ကိုလည်း အခုလက်ရှိအင်အားထက် တိုးချဲ့သွားပါမယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလမှာလည်း ဘာတစ်ခုမှ မဖြစ်စေဖို့ လေဆိပ်တွေမှာ ၂၄ နာရီ လုံခြုံရေးအပိုင်းကို အထူးတင်းကျပ်စွာ ဆောင်ရွက်သွားမယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် လေကြောင်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးချုပ်နေ၀င်းက ဆိုသည်။
လေကြောင်းရဲတပ်ဖွဲ့ကို လွန်ခဲ့သည့် တစ်နှစ်ခန့်မှ စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်အင်အားကို ၃၄၀၀ ကျော်အထိ တိုးချဲ့သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် မှုခင်းတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ စည်ပင်သာယာတပ်ဖွဲ့၊ ရထားရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့စသည့် တပ်ဖွဲ့များကိုလည်း ဖွဲ့စည်းထားကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် နိုင်ငံခြားသားခရီးသွားများကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
အေးချမ်းမွန် Credit To >Eleven Media Group

Post a Comment