ပြည်တွင်းပြည်ပ ခရီးသွားများအတွက် အရေးပေါ် ကျန်းမာရေး ၀န်ဆောင်မှုကို ပါရမီ အထွေထွေ ရောဂါကုဆေးရုံက ၀န်ကြီးဌာနနှစ်ခုနှင့် ပူးပေါင်းလုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်ရှိ ကျိုက်ထိုမြို့တွင် စတင် လုပ်ဆောင်တော့မည်ဖြစ်ပြီး ယင်းကဲ့သို့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ၀န်ဆောင်မှုများကို ဆောင်ရွက်ရာတွင် အဓိကအားဖြင့် ကုသမှုအပိုင်းအတွက် ကျန်းမာရေး ၀န်ကြီးဌာနနှင့် လည်းကောင်း၊ နိုင်ငံခြား ခရီးသွားများနှင့် ပတ်သက်၍ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနနှင့် လည်းကောင်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေး ၀န်ဆောင်မှုလုပ်ငန်းကို ကနဦးအနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် ကျိုက်ထိုမြို့၌ စတင် ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံခြား ခရီးသွားလာမှု များပြားသည့် ဒေသများတွင် တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပါရမီ အထွေထွေရောဂါကု ဆေးရုံမှ သိရသည်။
"အခု အရေးပေါ် ကျန်းမာရေး ၀န်ဆောင်မှုကို ကျိုက်ထိုမှာ အရင်စလုပ်ဖြစ်တာက အဲဒီဘက်မှာ ပြည်တွင်းပြည်ပ ခရီးသွားတွေ များပေမယ့် ကျန်းမာရေးအရ တစ်ခုခု ဖြစ်လာမယ်ဆိုရင် အဲဒီမှာ အထူးကုဆရာဝန် တစ်ဦးမှ မရှိသလို နိုင်ငံတကာလို့ အများ လက်ခံနိုင်လောက်တဲ့ ဆေးခန်းက မရှိဘူး ဖြစ်နေတယ်။ နောက်ပြီးတော့ ပြည်တွင်းပြည်ပ ခရီးသွားများတဲ့ ဒေသလည်း ဖြစ်သလို မြို့နယ်က သိပ်မကြီးတဲ့အတွက် လုပ်ငန်းကို နိုင်နိုင်နင်းနင်း စနိုင်တဲ့ဒေသဖြစ်တဲ့အတွက် ပထမဆုံး လုပ်ဖြစ်တာပါ။ အဲဒီမှာတော့ စမ်းသပ်လုပ်နေတာတော့ ကြာပြီ။လွန်ခဲ့တဲ့ ခြောက်လကစပြီး လုပ်ငန်းစဖို့ အဆောက်အဦးတွေ လုပ်နေပြီ၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကတော့ ဘယ်အချိန်မှာ အားလုံးလုပ်နိုင်မယ်ဆိုတာ အတိအကျ မပြောနိုင်သေးဘူး။ အဓိက ဒေသခံတွေဘက်ကလည်း စိတ်ပါဝင်စားဖို့ လိုတယ်"ဟု ပါရမီ အထွေထွေရောဂါကု ဆေးရုံမှ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ဒေါက်တာ ခင်မောင်ချစ်၏ ပြောကြားချက်အရ သိရှိရပါသည်။
ကျိုက်ထီးရိုးဘုရားပေါ်သို့ တက်ရောက်နေသည့် နိုင်ငံခြားခရီးသွားများအား အောက်တိုဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
အေးချမ်းမွန် Credit To >Eleven Media Group

Post a Comment