0


တစ်နိုင်ငံလုံးတွင် ကျေးရွာပေါင်း ၆၄၉၁၇ ရွာ ရှိသည့်အနက် ရွာပေါင်း ၂၁၆၇၅ ကိုသာ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်နိုင်ပြီး ၂၀၁၄-၂၀၁၅ နှင့်၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်များတွင် ရွာပေါင်း ၁၀၀၀၀ အား လျှပ်စစ်မီး ရရှိရန်အတွက် စီမံချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ လျှပ်စစ်မီးလင်းရေးနှင့် သောက်သုံးရေ ရရှိရေး ကော်မတီအစည်းအဝေးမှ သိရသည်။

မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က"ကျေးလက် မီးလင်းရေးနဲ့ သောက်သုံးရေ ရရှိရေးအတွက် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ရွာ ၁၀၀ ကို စီမံချက်နဲ့ ဆောင်ရွက်မယ်။ ၂၀၁၄-၂၀၁၅ နဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာတော့ ရွာပေါင်း ၁၀၀၀၀ ကို စီမံချက်နဲ့ ဆောင်ရွက်ဖို့ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ ညှိနှိုင်း ရေးဆွဲထားပါတယ်။
ဆိုလာ မီးလင်းရေး စနစ်ကိုလည်း အိမ်ထောင်စုတစ်စုမှာ ဘယ်လောက်ကုန်မလဲ တွက်ချက် တင်ပြထားပါတယ်။ လာမယ့် ၂၂ ရက်မှာလည်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနဲ့ ကမ္ဘာ့ဘဏ်၊ အေဒီဘီတို့နဲ့ပေါင်းပြီး အမျိုးသားအဆင့် လျှပ်စစ်မီးလင်းရေး စီမံကိန်းရေးဆွဲရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီး ခုနစ်လအတွင်း ယင်းစီမံချက်ကို ပြီးစီးအောင် ရေးဆွဲသွားမှာပါ" ဟု ပြောကြားသည်။

ကျေးရွာများ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ရာတွင် မဟာဓာတ်အားလိုင်းမှ သွယ်တန်းရယူနိုင်ခြင်း မရှိသည့် နေရာများအား ဒေသတွင်း ဓာတ်အားလိုင်းကွန်ရက်များ တည်ဆောက်၍ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း အဆိုပါ အစည်းအဝေးမှ သိရသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး၌ ကျေးရွာပေါင်း ခြောက်သောင်းကျော် ရှိသည့်အနက် ကျေးရွာနှစ်သောင်းကျော်သာ လျှပ်စစ်မီး ရရှိသေးပြီး နေပြည်တော်တွင် ကျေးရွာပေါင်း ၈၀၈ ရွာရှိသည့်အနက် ၄၇၇ ရွာသာ လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်နိုင်သေးကြောင်း၊ ကျေးရွာပေါင်း ၃၃၁ ရွာမှာ လျှပ်စစ်မီး ရရှိခြင်း မရှိသေးကြောင်း စာရင်းများအရ သိရသည်။ နေပြည်တော်၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ ယူနစ်သန်းပေါင်း ၄၉၂ ဒသမ ၇၉၀ ဖြင့် တစ်နိုင်ငံလုံးတွင် တတိယအများဆုံး သုံးစွဲလျှက်ရှိပြီး မကွေးတိုင်းဒေသကြီးသည် ယူနစ်သန်းပေါင်း ၄၈၃ ဒသမ ၉၈၄ ဖြင့် စတုတ္ထအများဆုံး သုံးစွဲလျှက်ရှိကြောင်း သိရသည်။

လက်ရှိထုတ်လုပ်နေသည့် လျှပ်စစ်ဓာတ်အားများမှ ဓာတ်အားပျောက်ဆုံးမှုများကို လျှော့ချနိုင်ပါက လျှပ်စစ်ဓာတ်အားများ ပိုမိုရရှိလာမည် ဖြစ်ကြောင်း၊ ယင်းဓာတ်အားများဖြင့် မီးမရသေးသည့် ဒေသများအား လျှပ်စစ်မီး ပေးနိုင်မည့်အပြင် ဓာတ်အားရောင်းရငွေများ တိုးတက်လာမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက အကြံပြုထားသည်။

ကျေးလက်ဒေသ လျှပ်စစ်မီးလင်းရေးနှင့် သောက်သုံးရေရရှိရေး ကော်မတီအစည်းအဝေး ကျင်းပနေစဉ်

အေးချမ်းမွန် Credit To > Eleven Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top