0

အကျိုးစီးပွားအတွက် သဘာဝ သယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် အနာဂတ် မျိုးဆက်များအတွက် ကောင်းမွန်သန့်ရှင်းသော ပတ်ဝန်းကျင်များကို ချန်ထားရန် လိုအပ်ကြောင်း နိုဝင်ဘာ ၂၀ ရက်က နေပြည်တော်ရှိ MICC အစည်းအဝေး ခန်းမတွင် ပြုလုပ်သည့် အစိမ်းရောင် စီးပွားရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်ဖွင့်ပွဲ၌ သမ္မတဦးသိန်းစိန်က ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က"လက်ရှိ သဘာဝ သယံဇာတများနဲ့ ပတ်ဝန်းကျင် သဘာဝကောင်းများ အစဉ်တည်တံ့ နေဖို့အတွက် စဉ်ဆက်မပြတ် ထုတ်လုပ်ခြင်းနဲ့ စားသုံးခြင်းရဲ့ အခန်းကဏ္ဍကို အလေးဂရုပြုကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားအတွက် သဘာဝသယံဇာတတွေကို ထုတ်ယူ သုံးစွဲလျှက်ရှိသလို အနာဂတ် မျိုးဆက်များအတွက်လည်း ယခုကဲ့သို့ အခွင့်အရေးမျိုး ရရှိစေဖို့နဲ့ ကောင်းမွန်သန့်ရှင်းတဲ့ ပတ်ဝန်းကျင် အခြေအနေတွေကို ရရှိခံစားနိုင်ရန် ကျွန်တော်တို့အနေနဲ့ လက်ဆင့်ကမ်း အမွေပေးကြရမှာ ဖြစ်ပါတယ်"ဟု ပြောကြားသည်။

ဆက်လက်၍ "တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍ ဖွံ့ ဖြိုးတိုးတက်မှု၊ မြေယာအသုံးချမှုနှင့် စိုက်ပျိုးရေး ပြုပြင်ပြောင်းလဲမှုများ၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ သံတမန်ရေးရာ ကိစ္စများ၊ ကျေးလက်ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးစတဲ့ လူမှုစီးပွားရေး အခြေအနေများကို ပြည်သူလူထု ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည် ဆောင်ရွက်လျှက် ရှိပါတယ်"ဟု သမ္မတက ပြောကြားသည်။

ကမ္ဘာပေါ်ရှိ လူဦးရေ ၂ ဒသမ ၆ ဘီလျံခန့်သည် သန့်ရှင်းမှုမရှိသော ပတ်ဝန်းကျင်တွင် နေထိုင်ကြရပြီး ၀ ဒသမ ၉ ဘီလျံခန့်သည် သန့်ရှင်းသော သောက်သုံးရေ မရရှိကြခြင်းနှင့် ၁ ဒသမ ၃ ဘီလျံမှာ လျှပ်စစ်မီး မရရှိသေးသလို တစ်ဘီလျံခန့်ဟာ အာဟာရချို့တဲ့လျှက် ရှိကြောင်း သိရသည်။

"မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီးနဲ့ ပိုမိုရင်းနှီး ချစ်ကြည်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး နိုင်ငံရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို ရှေ့ရှုကာ ပြည်ပရင်းနှီး မြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက် လျှက်ရှိပါတယ်။ ဒီလို ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့အတူ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို ဆောင်ရွက်ရာမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရာသီဥတု ပြောင်းလဲမှု လျော့ပါးရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးကျေးဇူးများ ရရှိခံစားနိုင်မယ့် အစိမ်းရောင် စီးပွားရေးနဲ့ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုပါတယ်"ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် တတိယအကြိမ်မြောက် အစိမ်းရောင် စီးပွားရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်ဖွင့်ပွဲသို့ တက်ရောက် အမှာစကားပြောကြားစဉ်

အေးချမ်းမွန် Credit To > Eleven Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top