မြန်မာနိုင်ငံ၏ ယခုနှစ်အတွက် သုံးစွဲသည့် ပညာရေး ဘတ်ဂျက်မှာ ယခင်နှစ်ကထက် သိသာစွာ တိုးမြှင့်လာသော်လည်း နိုင်ငံတကာ စံချိန်စံနှုန်းဖြင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပညာရေး ဘတ်ဂျက်များအား ၂၀၁၁-၁၂ ပညာသင်နှစ် အတွက် ငွေကျပ် ၃၁၀ ဘီလျံသုံးစွဲခဲ့ပြီး ၂၀၁၂-၁၃ ပညာသင်နှစ်တွင် ၆၃၉ ဘီလျံ တိုးမြှင့်သုံးစွဲခဲ့ပြီး ၀န်ကြီးဌာန အသီးသီးအလိုက် နိုင်ငံတော် အသုံးစရိတ်၏ ၅ ဒသမ ၂၄ ရာခိုင်နှုန်းအား ပညာရေး ၀န်ကြီးဌာနသို့ ခွဲဝေပေးထားခဲ့သည်။ ၂၀၁၂-၁၃ ခုနှစ်အတွက် ဘတ်ဂျက်ပါ ဂျီဒီပီမှာ ငွေကျပ် ၅၁ ဒသမ ၃၈ ထရီလျံဖြစ် ပြီး ဂျီဒီပီ၏ ရာခိုင်နှုန်း အနေဖြင့် ပညာရေးသုံး စွဲငွေမှာ ၁ ဒသမ ၄၆ ရာခိုင်နှုန်း ဖြစ်သည်။
''နိုင်ငံတော် အနေနဲ့ ပညာရေး အသုံး စရိတ်ကို အများဆုံး တိုးမြှင့်ချထား ပေးပါတယ်။ ၀န်ကြီးဌာန အားလုံးရဲ့ Total Spending ရဲ့ ၅ ဒသမ ၂၄ ရာခိုင်နှုန်းကို ပညာရေးကို ခွဲဝေပေးထားပါတယ်။ နိုင်ငံတော်ရဲ့ ပညာရေး အသုံးစရိတ်ဟာ ၀န်ကြီးဌာန ၃၀ ထဲက အဆင့် ၅ နေရာမှာ ရှိပါတယ်။ အတတ်နိုင်ဆုံး ရာခိုင်နှုန်းအထိ ၁၇ ဒသမ ၀၉ ရာခိုင်နှုန်းတိုးမြှင့် ပေးထားပေမဲ့ နိုင်ငံရဲ့ ဘဏ္ဍာရေး အင်အားက နည်းနေရင် အသုံးစရိတ်ကလည်း နည်းနေဦး မှာပါပဲ။ နိုင်ငံရဲ့ စီးပွားရေး တိုးတက်လာပါမှ တစ်နိုင်ငံလုံး အသုံးစရိတ်လည်း တက်နိုင်မှာ ဖြစ်ပါတယ်'' ဟု ပညာရေး ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ဆိုသည်။
ပညာရေး ၀န်ကြီးဌာန၌ ၀န်ကြီးရုံးအပါအ၀င် အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်)၊ အဆင့်မြင့်ပညာ ဦးစီးဌာန (အထက် မြန်မာပြည်)၊ အခြေခံပညာ ဦးစီးဌာန (အောက်မြန်မာပြည်)၊ အခြေခံပညာ ဦးစီးဌာန (အထက်မြန်မာပြည်)၊ အခြေခံပညာ ဦးစီးဌာန (ရန်ကုန်)၊ ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ စာစစ်အဖွဲ့၊ မြန်မာနိုင်ငံ ပညာရေး သုတေသနအဖွဲ့၊ မြန်မာစာ ကော်မရှင် ဦးစီးဌာနတို့ဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွက် ကဏ္ဍအလိုက် ပညာရေး ဘတ်ဂျက်များသုံးစွဲရာတွင် အခြေခံပညာဦးစီး ဌာနမှာ သာမန်အသုံးစရိတ် ဘတ်ဂျက်၏ ၈၆ ရာခိုင်နှုန်း သုံးစွဲထားပြီး အဆင့်မြင့်ပညာ ဦးစီးဌာနမှာ ဘတ်ဂျက်၏ ၁၀ ရာခိုင်နှုန်း သုံးစွဲထားသည်။ ကျန်ရှိသည့် ဦးစီးဌာန ၅ ခုအတွက် စုစုပေါင်း ဘတ်ဂျက်၏ ၄ ရာခိုင်နှုန်းကို သုံးစွဲထားပြီး အများစုကို ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနက အသုံးပြုထားကြောင်း သိရသည်။
(ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း၌ ကျောင်းဆင်းလာကြသည့် ကျောင်းသားများအား တွေ့ရစဉ်
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment