ရန်ကုန်၊ နိုဝင်ဘာ ၂၁
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ အထူးစိတ်ဝင်စားသည့် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်း ဆိုင်ရာများ လေ့လာရန် ဂျပန် စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သော ခရီးသွား အုပ်စုတစ်စု ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ၏ အကြီးဆုံး ခရီးသွား လုပ်ငန်းစု JTB က နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါ ခရီးစဉ်အတွက် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသူ ဂျပန် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားကြောင်း ဂျပန်နိုင်ငံ ကာဝါဆာကီမြို့၌ ပြုလုပ်သည့် မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုတွင် ကြေညာခြင်း ဖြစ်သည်။
ငါးရက် ကြာမြင့်မည့် လေ့လာရေး ခရီးစဉ်အတွင်း ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့ကြီးများသို့ သွားရောက်မည် ဖြစ်ပြီး သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းကို သွားရောက် လေ့လာမည် ဖြစ် ကြောင်း JTB ကဆိုသည်။
ထို့အပြင် UMFCCI သို့ သွားရောက်၍ မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံရန် စီစဉ်ထားပြီး သန်လျင်မြို့ ကြယ်စင်အိမ်ရာ စီမံကိန်းနှင့် စက်မှုဇုန်များသို့ သွားရောက်မည် ဖြစ်ကြောင်း ထပ်လောင်း ဖော်ပြထားသည်။
JTB သည် ဂျပန်နိုင်ငံ၏ အကြီးဆုံး ခရီးသွားလုပ်ငန်း ကုမ္ပဏီတစ်ခု ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ခရီးသွား ကုမ္ပဏီများ စာရင်းတွင် တစ်ခုအပါအဝင် ဖြစ်သည်။
အေးချမ်းမွန် Credit To >The Voice Weekly
Post a Comment