0


ကေဇင်ဦး| ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၁၃ ခုနှစ်

၂၀၁၂ခုနှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့က စီတန်းလှည့်လည်ကာ ဆန္ဒပြုခဲ့ကြသူများထဲမှ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံထားရသူ နှစ်ဦးကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် စီရင်ချက်ချရန် ချိန်းဆိုထား သော်လည်း လာမည့် တစ်ပတ်သို့ ပြောင်းလဲချိန်းဆိုခဲ့သည်ဟု တရားစွဲဆိုခံထားရသည့် ကာယကံရှင် များက မဇ္ဈိမကို ပြောသည်။

စီရင်ချက်ချမည့်နေ့ကို ကြိုတင်အကြောင်းကြား ချိန်းဆိုထားခဲ့ပြီးမှ နိုဝင်ဘာ ၂၆ရက် နံနက် ၁၀ နာရီသို့ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

“မြို့နယ်နှစ်မြို့နယ် စီရင်ချက်ရေးဆွဲရမှာကို တစ်မြို့နယ်ပဲ ရေးဆွဲပြီးသေးတဲ့အတွက် ဒီနေ့ စီရင်ချက်မချ ဖြစ်ဘဲ ရွှေ့ဆိုင်းလိုက်တယ်လို့ တရားသူကြီးက ပြောပါတယ်”ဟု မမေစံပယ်ဖြူက ဆိုသည်။

၂၀၁၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ကချင်စစ်ပွဲများ ရပ်ဆိုင်းရန်အတွက် စီတန်းလှည့် လည်ရန် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများသို့ ကြိုတင်ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ခွင့်ပြုချက်မ ပေးခဲ့ဘဲ ဦးဆောင်ဆန္ဒပြခဲ့သူအချို့ကို ပုဒ်မ ၁၈ ဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းများက တရားစွဲဆိုခဲ့ ခြင်း ဖြစ်သည်။

တရားစွဲဆိုခံထားရသူများ၏ အမှုလိုက်ရှေ့နေ ဦးအောင်မျိုးဦးက “မြို့နယ် နှစ်မြို့နယ်ကို ဖြတ်ပြီး လမ်း လျှောက်တဲ့အတွက် သက်ဆိုင်ရာရဲစခန်းနှစ်ခုက တရားစွဲဆိုထားပြီး တရားရုံးနှစ်ခုက စီရင်ချက်ချမှာဖြစ် ပါတယ်”ဟု ပြောသည်။

ကိုဂျော်ဂွန်းကမူ ယင်းသို့ ဆန္ဒဖော်ထုတ်ခဲ့သူများကို တရားစွဲဆိုခြင်းအပေါ် ပြည်သူနှင့် ငြိမ်းချမ်းရေး မသက်ဆိုင်၍လောဟု မေးခွန်းထုတ်ခဲ့သည်။ “ငြိမ်းချမ်းရေးအတွက် စီတန်းလှည့်လည် လမ်းလျှောက်တဲ့ အတွက် တရားစွဲဆိုခံရတာဟာ ပြည်သူတွေနဲ့ ငြိမ်းချမ်းရေးနဲ့ မသက်ဆိုင်ဘူးလား၊ ငြိမ်းချမ်းရေးကို အစိုး ရကပဲ လုပ်လို့ရသလား မေးစရာပါ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ်က တရားစွဲဆိုခံရချိန်မှစ၍ အမှုစစ်ဆေးရန် တရားရုံးများက အကြိမ် ၁၃၀ ခန့် ချိန်းဆိုခဲ့ သည်။ လက်ရှိအချိန်တွင် ပြည်သူ့လွှတ်တော်က ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ ကို ပြင်ဆင်ရန် ကြိုးပမ်းနေပြီး ယင်းအတိုင်း အတည်ပြုနိုင်ပါက ပုဒ်မ ၁၈ ကဲ့သို့သော ပြဋ္ဌာန်းချက်မျိုး ပါ ၀င်တော့မည်မဟုတ်ပေ။ သို့သော် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်တွင်း ဆွေးနွေးစဉ် မူလဥပဒေ ပါ ပုဒ်မ ၁၈ ကို ပယ်ဖျက်ရန်မသင့်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံ မြင့်က မှတ်ချက်ပြုခဲ့သည်။

အေးချမ်းမွန် Credit To > Mizzima - News in Burmese https://www.facebook.com/excellencemedia

Post a Comment

 
Top