0

နိုဝင်ဘာ ၁၉ ရက် နံနက် ၇ နာရီက မကွေးမြို့တော် ခန်းမ၌ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက မကွေးတိုင်းဒေသခံ ပြည်သူများနှင့် လာရောက်တွေ့ဆုံခဲ့ကာ ဒေသခံများ တင်ပြသည့် ဒေသတွင်း လိုအပ်ချက်များအပေါ် ချက်ချင်းပြန်လည် ဆွေးနွေး၍ အကူအညီများလည်း ပေးခဲ့ကြောင်း ပွဲတက်ရောက် ခဲ့သူများထံမှ သိရသည်။

ယင်းတွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မကွေးတိုင်း၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ နိုင်ငံရေး စသည်တို့နှင့် သက်ဆိုင်သည့် ကိန်းဂဏန်း အချက်အလက်များ တင်ပြခဲ့ကာ အဆိုပါ စာရင်းဇယားများ အမှန်ဆိုလျှင် တိုးတက်မှု ရှိသည်ဟု ဆိုရမည်ဖြစ်ပြီး အမှန်ဖြစ်ပါစေဟု ဆုတောင်းကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။ အဆိုပါပွဲတွင် မကွေးတိုင်းဒေသကြီး NLD ပါတီနှင့် တစည ပါတီတို့မှ တာဝန်ရှိသူများက တောင်သူလယ်သမားများ အတွက် စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ပေးရာတွင် လယ်စိုက်တောင်သူများအတွက် တစ်ဧက ကျပ်တစ်သိန်းနှုန်း ရရှိသော်လည်း ယာစိုက်တောင်သူများအတွက် တစ်ဧကလျှင် ကျပ် ၂၀၀၀၀ နှုန်းသာ ရရှိမှုအား တင်ပြခဲ့ကြသည်။ ယင်းတင်ပြမှုနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်က စပါးသည် မိမိတို့နိုင်ငံ၏ အဓိက စားသောက်ကုန် ဖြစ်သောကြောင့် ချေးငွေကွာခြားမှု ရှိရကြောင်း ပြန်လည်ဆွေးနွေး ခဲ့သည်။

ထိုတွေ့ဆုံပွဲတွင် ချောက်မြို့ ၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတု အထိမ်းအမှတ်ပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးညိုသွေးက အဆိုပါ အခမ်းအနား ကျင်းပနိုင်ရန် အလှူငွေ ကောက်ခံရေးနှင့် ဆိုင်းဘုတ်များ ထောင်ရန်အတွက် သက်ဆိုင်ရာသို့ ခွင့်ပြုမိန့် တင်ပြထားသော်လည်း ယနေ့ထိ တစ်စုံတစ်ရာ အကြောင်းပြန်မှု မရှိသေးသောကြောင့် ပြည်ထောင်စုလွှတ်တော်နှင့် အောက်ခြေအုပ်ချုပ်သူများ အကြား ကွာဟမှုများ ရှိနေကြောင်း တင်ပြခဲ့သည်။

"ကျွန်တော်တို့ ဒီပွဲကို ကျင်းပရတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ချောက်မြို့ကနေ မိုင်လေးရာကျော်ဝေးတဲ့ ရန်ကုန်မြို့အထိ ခြေကျင်လမ်းလျှောက် တိုက်ပွဲဝင်ခဲ့တဲ့ သခင်ဖိုးလှကြီးနဲ့ အခြားသခင်တွေကို ကျေးဇူးဆပ် အောက်မေ့သတိရတဲ့ အနေနဲ့ပါ။ အခြားဘာ ရည်ရွယ်ချက်မှ မပါပါဘူး။ အဲဒီအတွက် ခွင့်ပြုမှု တောင်းထားတာတွေဟာ အခုထိ ဘာမှပြန်ကြားလာတာ မရှိသေးပါဘူး။ မြန်မာနိုင်ငံမှာ တစ်ခုတည်းရှိတဲ့ ချောက်မြို့က အလုပ်သမား ကျောက်တိုင်နားမှာ သခင်ဖိုးလှကြီး ကြေးသွန်းရုပ်တု ထားရှိဖို့ ခွင့်ပြုမှု မရခဲ့သလို အဲဒီ ရုပ်တုအတွက် အောက်ခံအုတ်ခုံတောင် ဆောက်ခွင့်မရ သေးပါဘူး။ ဒါကြောင့် ပြည်ထောင်စု လွှတ်တော်နဲ့ အောက်ခြေ အဖွဲ့အစည်းတွေကြား ကွာဟမှုတွေကို တင်ပြရတာပါ" ဟု ဦးညိုသွေးက ပြောကြားသည်။

အဆိုပါ တင်ပြချက်နှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေက ပွဲကျင်းပခွင့်အတွက် အုပ်ချုပ်ရေး နည်းလမ်းများအတိုင်း ခွင့်ပြုပေးမည်ဟု ပြန်လည်ဆွေးနွေး ခဲ့သည်။ ယင်းတင်ပြမှုနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သခင်ဖိုးလှကြီး၏ မိသားစုဝင်များနှင့် အခြားသခင်များအတွက် လိုအပ်သည့် အလှူငွေ ကျပ် ၁၅ သိန်းကို ၎င်းကိုယ်တိုင် ပေးလှူခဲ့သည်။ ထို့အပြင် ၎င်းနှင့်အတူ လိုက်ပါလာသည့် ဒေါက်တာဦးခင်ရွှေကို အကူအညီ တောင်းခံခဲ့ရာ ဒေါက်တာဦးခင်ရွှေက ငွေကျပ် ၉၆ သိန်း လှူဒါန်းပေးအပ်ခဲ့သည်။

မကွေးမြို့နယ်အတွင်း ကျေးရွာများမှ လာရောက်သည့် ထော်လာဂျီများအား လမ်းတံတားများတွင် ကတ္တားတင်ရသည့် အခြေအနေအား တင်ပြခဲ့မှုနှင့် ပတ်သက်၍လည်း မကွေးမြို့နယ်အတွင်း လမ်းတံတားကြေး ကောက်ခံခွင့် ရရှိထားသည့် ကောင်းမွန်ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့အား မြို့နယ်တွင်း ကျေးရွာများမှ လာရောက်သည့် ထော်လာဂျီများအား ကတ္တားမတင်ရန် အမိန့်ထုတ်ထားကြောင်း မကွေးတိုင်း ဆောက်လုပ်ရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ထိုသို့ အမိန့်ထုတ်ထားသည်ကို လိုက်နာမှု ရှိ၊ မရှိ စစ်ဆေးသွားရန်လိုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေအား ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲ၌ မကွေးမြို့နယ် NLD ပါတီမှ ဦးစိုးမိုး၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ရာတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ထိုဥပဒေအား ရေးဆွဲခဲ့သည့် အချိန်က ထိုဥပဒေမှာ အသင့်လျော်ဆုံး အမှန်ကန်ဆုံး ဖြစ်ခဲ့ကြောင်း၊ ထိုဥပဒေ မပေါ်ပေါက်ခဲ့ပါက မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ပါတီစုံ ဒီမိုကရေစီ စနစ်နှင့် ဈေးကွက်စီးပွားရေးစနစ် မပေါ်ပေါက်နိုင်ကြောင်း၊ သို့သော် ဥပဒေမှာ အစဉ်သဖြင့် မှန်ကန်နေမည် မဟုတ်ဘဲ အချိန်ကာလအလိုက် ပြုပြင်သင့်သည်ကို ပြုပြင်၍ ထပ်မံဖြည့်စွက် သင့်သည်ကို ဖြည့်စွက်ရမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။ ယင်းတွေ့ဆုံပွဲမှာ အစိုးရသစ် လက်ထက် ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မကွေးတိုင်းအတွင်း ပထမဆုံး လာရောက်သည့် တွေ့ဆုံပွဲ ဖြစ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် မကွေးတိုင်း ဒေသခံ ပြည်သူများ တွေ့ဆုံစဉ်

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top