ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၈)ဖွဲ ထိပ်သီးညီလာခံမှာ ပထမအဆင့်အနေနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်ဆဲရေးဘုံသဘောတူညီချက်ကို ယနေ့(၁.၁၁.၂၀၁၃)မှာ လက်နက်ကိုင်အဖွဲ့အားလုံးက အတည်ပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။
“တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်ဆဲရေးဆိုင်ရာ ဘုံသဘောထား ၊ ရပ်တည်ချက် အဲ့ဒါရပြီ။ အတည်လည်းပြုပြီးပြီ။ အဲ့ဒီအပေါ်မှာတော့ ဒီ(၁၈)ဖွဲ့က ညီညွတ်တယ်။”လို့ ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) အတွင်းရေးမှူး(၂) ဦးခွန်ဥက္ကာက ပြောပါတယ်။
အဖွဲ့(၁၈)ဖွဲ့က သဘောတူညီထားတဲ့ဘုံသဘောတူညီချက်ကို အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြားညှိနှိုင်းဆောင်ရွက်ဖို့ တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်ဆဲရေး ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီကို ဖွဲ့စည်းမှာဖြစ်ပြီး အဲ့သည်အဖွဲ့မှာ တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့တွေအားလုံးရဲ့ ကိုယ်စားပြုမယ့် ပုဂ္ဂိုလ်တွေပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ယခုလိုအတည်ပြုနိုင်ဖို့ အောက်တိုဘာလ ၃၀ရက်နေ့ကတည်းက လက်နက်ကိုင်အဖွဲ့(၁၈)ဖွဲ့ တံခါးပိတ်ဆွေးနွေးခဲ့တာဖြစ်ပြီး သုံးရက်နေ့မြောက်ဖြစ်တဲ့ နိုဝင်ဘာလ (၁) ရက်နေ့မှာ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာလ (၂) ရက်နေ့ မနက် ၁၀ နာရီအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်း ဆောင်တွေ သဘောတူလက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။
ဒါဟာ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံးတိုင်းရင်းသာလက်နက်ကိုင်အဖွဲ့အများစု တွေ့ဆုံဆွေးနွေးတာဖြစ်သလို ခိုင်မာမှုအရှိနိုင်ဆုံး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်ဆဲရေး ဘုံသဘော တူညီချက် တစ်ခုဖြစ်တယ်လို့ ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) အတွင်းရေးမှူး(၂) ဦးခွန်ဥက္ကာက ပြောပါတယ်။
ယခုဘုံသဘောတူညီထားတဲ့အချက်တွေအပေါ်မှာအခြေခံပြီး မြစ်ကြီးနားမြို့မှာ၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့ ဦးခွန်ဥက္ကာက ပြော ကြောင်း လိုင်ဇာမြို့ကို ရောက်ရှိနေတဲ့ မော်ဒန် သတင်းထောက်က သတင်းပေးပို့ပါတယ်။
အေးချမ်းမွန် Credit To > The Modern News Journalhttps://www.facebook.com/excellencemedia

အေးချမ်းမွန် Credit To > The Modern News Journal
Post a Comment